‌ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃၀ ရက်

လာမည့် ၅ ရက်အတွင်း တိုင်းနှင့်ပြည်နယ်တို့တွင် ဒေသအလိုက်မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်း အပါအဝင် မိုးနှောင်းကာရာသီဥတုဖြစ်စဉ်များ သတိပြုုရန်လိုအပ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မိုး/ဇလ က ယနေ့ စက်တင်ဘာ ၃၀ ရက်နေ့ နေ့လယ်ပိုင်း ထုတ်ပြန်ချက်အရ သိရသည်။

အနောက်ဘက်မှ ရွေ့လျား လာသော လေပွေလှိုင်းများ၏အရှိန်၊ အပူပျံတက်တိမ်များဖြစ်ထွန်းမှု အားကောင်းခြင်းအပါအဝင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှု ကြောင့် မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းဖြစ်ပေါ်နိုင်ကြောင်းပါဝင်သည်။

လာမည့် ၅ ရက် အောက်တိုဘာ ၁ မှ ၅ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်၊ ရှမ်းပြည်၊ ချင်းပြည်၊ ရခိုင်ပြည်၊ ကရင်နီပြည်၊ ကရင်ပြည်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်း များနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်းထုတ်ပြန်သည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်( အရှေ့ပိုင်း နှင့် မြောက်ပိုင်း) တို့တွင် မိုးပိုများလာနိုင်ပြီး ရေကြီးနိုင်သည့်အန္တရာယ်အပါအဝင် တောင်ကျချောင်းရေနှင့် တောင်ပြို၊ မြေပြိုမှုဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသပညာရပ်ကိုလေ့လာနေသူ အရပ်ဘက်ပညာရှင် ဦးဝင်းနိုင်ထံက သိရသည်။

ယင်းပြင် မိုးနှောင်ကာလရာသီဥတုဖြစ်စဉ်များဖြစ်သည့် မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်သဖြင့် သတိပြု နေထိုင်ကြရန် လိုအပ်ကြောင်း မိုး/ဇလ က အသိပေးထားသည်။

လက်ရှိတွင်မြန်မာနိုင်ငံတစ်ဝန်းရှိ ရေလှောင်တမံ ၅၀ ခုနှင့် အင်းလေးကန်တွင် ကန်ရေပြည့်မှတ်ထက်ရေကျော်နေပြီး ထမံထိပ်ပြင်မြင့်အမှတ်အတွင်းရှိနေ၍ ယခုလိုမိုးကြီး သည်းထန်စွာ ရွာသွန်းနိုင်ပါက ရေလှောင်တမံပတ်ဝန်းကျင်ဒေသများသတိပြုရန် အပ်မည်ဖြစ်သည်။

ဓာတ်ပုံ – မိုး/ဇလ
#လာမည့်ငါးရက် #မိုးကြီး #လေပြင်းတိုက်ခတ် #မိုးကြိုးပစ် #လျှပ်စစ်လက်ခြင်း #သတိပြုရန် #Ayeyarwaddy_Times