ဧရာ၀တီတိုင်းမ်
စက်တင်ဘာ ၃၀ ရက်

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်အရှေ့၊ ပဲခူးရိုးမအနီးရှိ ဒေသခံတောင်သူများ၏ စပါးခင်းများကို စစ်ကောင်စီတပ်ဖွဲ့၀င်များ ဝင်ရောက်ကာ အဓမ္မရိတ်သိမ်းနေကြောင်းဒေသခံများထံက သိရသည်။

ထန်းပင်ချောင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့်ဒေသခံကာကွယ်ရေးတပ်ဖွဲ့၀င်များ တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံများ၏ စပါးခင်းများကို ယခုလို အဓမ္မဝင်ရောက်ရိတ်သိမ်း နေခြင်းဖြစ်ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်ပြီးကတည်းက စစ်တပ်(စစ်ကောင်စီ)က ရွာမှာ သောင်းကြမ်းတော့တာပဲ။ ရွာနားမှာ တိုက်ပွဲဖြစ်တဲ့အချိန် ရွာသားတွေထွက်ပြေးတော့ သူတို့က ရွာကိုအပိုင်စီးပြီး ၀င်ကြမ်းကြတာ။ နောက်ပြီး ရှိသမျှပစ္စည်းတွေကို အကုန်ယူကြတာ။နောက်ပြီး ရွာသားတွေရဲ့ စပါးခင်းတွေကို အတင်း၀င်ရိတ်နေကြတယ်။ နောက်တစ်ခုက ရွာထဲက ပစ္စည်းတွေပါယူနေကြတာ” ဟု ထန်ပင်ချောင် ကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က ထန်းပင်ချောင်ကျေးရွာရှိ ဒေသခံတောင်သူများ၏ ရိတ်သိမ်း ခြွေလှေ့စက် သုံးစီးကိုလည်းအဓမ္မသိမ်းယူထားပြီး ထိုသို့ သိမ်းယူထားသည့် ရိတ်သိမ်းခြွေလှေ့စက်ကို ကျပ် သိန်း ၈၀ ဖြင့် လိုက်လံရွေးယူခဲ့သည့်တောင်သူတစ်ဦးမှာ ယနေ့အချိန်ထိ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိကြောင်း ဒေသခံများက ဆိုသည်။

“ထန်းပင်ချောင်ရွာရဲ့ အရှေ့ဘက်ခြမ်းက လယ်တွေအကုန်လုံးက စပါးတွေစိုက်ထားတာ ရင့်မှည့်နေပြီ။ ဘယ်သူမှ လယ်ထဲ မဆင်းရဘူး။ ဆင်းတဲ့သူကို သေနတ်နဲ့ ပစ်မယ်လို့ ခြိမ်းခြောက်တယ်။ အဲ့ဒီလယ်ခွင်အကျယ်ကြီးကို သူတို့ပဲ ထပ်ရိတ်ယူမယ် လို့ပြောပြီး ထပ်ရိတ်ယူနေကြတယ်” ဟု ဒေသခံ တောင်သူတစ်ဦးက ဆက်လက်ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့ကလည်း ထန်းပင်ချောင်ကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက် လာခြင်းကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့်အပြင် အချို့မှာ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

#လက်ပံတန်း #ဒေသခံတောင်သူ #စပါးခင်း #စစ်ကောင်စီတပ်ဖွဲ့၀င်များ #အဓမ္မ၀င်ရောက် #ရိတ်သိမ်းယူ #Ayeyarwaddy_Times