(ပလက်ဝ)၊ ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃၀ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ချင်းအမျိုးသား ၁၀ဦးကို အာရက္ခတပ်တော် (AA) က ဖမ်းဆီးခေါ်ဆောင်သွားပြီး အဆက်သွယ်ပြတ်တောက်နေကြောင်း ဖမ်းဆီးခံရသည့် မိသားစုဝင်များနှင့် နီးစပ်သူများထံက သိရှိရသည်။

ဖမ်းဆီးခံရသူများသည် င/ရှားကျေးရွာမှ ငါးဦး၊ ချင်းဒေါက်ကျေးရွာမှ နှစ်ဦးနှင့် ရေချမ်းသာကျေးရွာမှ သုံးဦးဟုသိရပြီး ၎င်းတို့ကို ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက်နေ့တွင် AA က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

“AA ရဲဘော်တွေက ရွာထဲကို ဝင်လာပြီး နေအိမ်တွေမှာ ဖမ်းခေါ်သွားကြတာပါ။ ဖမ်းဆီးရတဲ့ အကြောင်းအရင်းနဲ့ ဘယ်ကိုခေါ်သွားမလဲဆိုတာလည်း ပြောမသွားပါဘူး။ အခုအချိန်ထိ ပြန်မလွှတ်ပေးသေးဘဲ အဆက်သွယ်ပြတ်တောက်နေတယ်။ လက်နက်ကိုင်အဖွဲ့စည်းက ဖမ်းဆီးသွားတဲ့အတွက် အသက်
အန္တရာယ် စိုးရိမ်ရပါတယ်”ဟု ဖမ်းဆီးခံရသည့် မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖမ်းဆီးခံရသူများထဲတွင် သာမန်အရပ်သားများဖြစ်ပြီး ကျေးရွာများတွင် ဒေသခံများတင်မြှောက်ထားသည့် အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူးတို့ပါဝင်နေကြောင်း သိရသည်။

“အခု အဖမ်းခံရတဲ့သူတွေဟာ အကုန်လုံးက သာမာန်အရပ်သားတွေဖြစ်တယ်။ အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူးဆိုတာလည်း ရွာထဲမှာ သာရေး/နာရေးအတွက် ဦးစီးဦးဆောင်လုပ်ဖို့ ရွာသားတွေခန့်အပ်ထားတဲ့သူတွေဖြစ်တယ်။ ကျွန်တော်တို့ ကြားတာက သူတို့ကို CDF/PC/IKACC စတဲ့ အဖွဲ့တွေမှာ ပါဝင်ပတ်သက်နေတဲ့အတွက် AA က အခုလိုဖမ်းဆီးသွားတာလို့ ကြားသိရတယ်” ဟု ပလက်ဝမြို့နယ် ဒေသတွင်း အမျိုးသားရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပလက်ဝမြို့နယ်သည် စစ်ကောင်စီကင်းစင်နယ်မြေဖြစ်သည့်အတွက် လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် ပြည်သူ့များ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောင်ပေးရမည်ဖြစ်ပြီး ယခုကဲ့သို့ အရပ်သားပြည်သူများကို မကြာခဏ ဖမ်းဆီးစစ်ဆေးမူကို AA အနေဖြင့် ပြန်လည်သုံးသပ်သင့်ကြောင့် ၎င်းက ဆိုသည်။

အဆိုပါ အရပ်သားများ ဖမ်းဆီးမူနှင့်ပတ်သက်၍ အာရက္ခတပ်တော်(AA) ပြောခွင့်ရ ဦးခိုင်သုခကို ဧရာဝတီတိုင်းမ်က ဖုန်းဖြင့် ဆက်သွယ်ထားသော်လည်း လက်ခံဖြေကြားခဲ့ခြင်းမရှိသည့်အတွက် အရပ်သားများ ဖမ်းဆီးခံရသည့်အကြောင်းရင်းကို ဧရာဝတီတိုင်းမ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ပြီးခဲ့သည့် မေလ ၁၇ ရက်နေ့ကလည်း ဘောင်ဝီးကျေးရွာနှင့် ဘောင်ကူးကျေးရွာတို့မှ ကျောင်းဆရာနှစ်ဦးအပါဝင် အရပ်သား ကိုးဦးကို AA က ဖမ်းဆီးခေါ်ဆောင်သွားသည့်ဖြစ်စဥ်လည်း ရှိခဲ့သည်။

#ပလက်ဝမြို့နယ် #ချင်းအမျိုးသား၁၀ဦး #AA #ဖမ်းဆီးထား #အဆက်သွယ်ပြတ်နေ #Ayeyarwaddy_Times