ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၉ရက်

ရခိုင်ပြည်နယ်၊ မောင်တောတွင် နောက်ဆုံးတစ်ခုတည်းသာ ကျန်ရှိတော့သည့် အမှတ်(၅) နယ်ခြား စောင့်စခန်း (နခခ-၅၊ မြို့သူကြီး) စစ်စခန်း မကျစေရေးအတွက် စစ်ကောင်စီက လေကြောင်း အသုံးပြုကာ အပြင်းအထန်ကာကွယ် ခုခံနေကြောင်း သိရသည်။

စစ်ကောင်စီသည် ယမန်နေ့ စက်တင်ဘာ ၂၈ရက်နေ့ နံနက် ၈နာရီကလည်း ၎င်းတို့၏ နောက်ဆုံး လက်ကျန်စခန်း နခခ ၅ကို အာရက္ခတပ်တော် (AA) က ထိုးစစ်စဉ်နေချိန်တွင် လေကြောင်းမှ ဂျက်ဖိုက်တာ လေးစင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

“ဂျက်လေးစီးနဲ့ နခခ ၅ တစ်ဝိုက်ကော ၃မိုင်ဘက်ကိုရော ဗုံးတွေကြဲတယ်။ နေ့လယ်လောက်ကနေ ညနေအထိ အထုတ်တွေ လေထီးနဲ့ နခခ ၅ကိုလာချပေးတယ်” ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

တပြိုင်နက်တည်းတွင်ပင် မောင်တော ၃မိုင်နှင့် ဝေသာလီကျေးရွာ အနီးကိုလည်း ဂျက်ဖိုက်တာ နှစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီသည် ယမန်နေ့ စက်တင်ဘာ ၂၈ရက်မွန်းလွဲ ၃နာရီမှစ၍ Y12လေယာဉ်ဖြင့် ရိက္ခာ၊ လက်နက်၊ ခဲယမ်းထုတ်များကို နခခ-၅ အတွင်း ၁၀ကြိမ်ခန့် လာရောက်ချပေးခဲ့ပြီး အထုတ်ရေ ၂၀ နီးပါးချပေးခဲ့ကြောင်း သိရသည်။

AA သည် စစ်ကောင်စီ၏ နောက်ဆုံးကျန်နေသည့် နခခ ၅ကို သိမ်းပိုက်နိုင်ရန် ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်းကို ပြီးခဲ့သည့် စက်တင်ဘာ ၂၇ရက်တွင် ထုတ်ပြန်ပြီးနောက် စစ်ကောင်စီက ယခုကဲ့သို့ လေကြောင်းမှ အပြင်းအထန် ခုခံတိုက်ခိုက်လာခြင်းဖြစ်သည်။

လေကြောင်းမှ ဂျက်ဖိုက်တာ လေးစင်းဖြင့် တစ်ပြိုင်နက် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့သလို နခခ ၅ အတွင်းမှလည်း လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခုခံကြောင်း သိရသည်။

မောင်တောမြို့အား အလုံးစုံသိမ်းပိုက်ရရှိရန်အတွက် မောင်တောမြို့အတွင်း၌ ကစဉ့်ကလျား ထွက်ပြေးပြီး တိုက်တာအဆောက်အအုံ၊ လူနေအိမ်အချို့၌ အယောက်ကျထွက်ပြေး ပုန်းခို လွတ်မြောက်နေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့၊ ၎င်းတို့သင်တန်းပေးထားသော မူဆလင် အကြမ်းဖက် အချို့ နှင့် ARSA၊ RSO၊ ARA အစရှိသော မူဆလင်အကြမ်းဖက်လက်နက်ကိုင်များအား လိုက်လံရှင်းလင်းလျက်ရှိ‌ကြောင်း AA က‌ ဆိုထားသည်။

#မောင်တော #စစ်ကောင်စီနောက်ဆုံးစခန်း #နခခ၅ #မကျစေရေး #လေကြောင်း #အပြင်းအထန်ခုခံတိုက်ခိုက် #Ayeyarwaddy_Times