
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၉ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီမှ ရပ်ကွက်၊ကျေးရွာများမှ ပြည်သူ့လုံခြုံရေးအဖွဲ့ များကို စက်တင်ဘာလ တတိယပါတ်မှစတင်ပြီး အခြေခံစစ်သင်တန်း ပေးနေပြီ ဖြစ်ကြောင်း သိရှိရသည်။
ပုသိမ်မြို့နယ်အတွင်းရှိ အသက် ၃၅နှစ်မှ ၆၅နှစ်အတွင်း အမျိုးသားများကို ခေါ်ယူကာ ခလရ (၂၇၁)တပ်တွင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးခေါင်းစဉ်ဖြင့် စစ်သင်တန်းပေးနေကြောင်း အုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူများထံမှသိရှိရသည်။
“ဒီတစ်ခေါက်ကတော့ ရပ်ကျေး အုပ်ချုပ်ရေး အဖွဲ့ထဲက အမာခံတွေရွေးပြီးတက်ကြတာများတယ်။ ပုသိမ်မြို့ရဲ့ ပထမဆုံးအပတ်စဥ် မို့လို့ထင်တယ် ထောက်ပံကြေးကတော့ ဆန်တို့ကြက်ဥတို့ ပေးတယ်။ ဆိုင်ကယ်ဆီဖိုးလဲရတယ် “ဟု ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့၀င်တစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
အဆိုပါသင်တန်းတွင် ပုသိမ်မြို့နယ်အတွင်းရှိ ရပ်ကွက် များမှ အသက် ၃၅မှ ၆၅နှစ်အထိအမျိုးသားများကို တစ်ရပ်ကွက်လျှင် သုံးဦးမှ ငါးဦးထိ တက်ရောက်ခိုင်းခြင်းဖြစ်ပြီး အခြေခံစစ်ရေးပြ၊ နံပါတ်တုတ်၊ဒိုင်း များကိုင်တွယ်နည်းများသင်ကြားပေးပြီး လက်နက်ငယ်ပစ်ခတ်မှုများကို သင်ကြားပေးခြင်းမရှိကြောင်း သိရှိရသည်။
ပြည်သူ့လုံခြုံရေးအဖွဲ့သင်တန်းပြီးဆုံးပါက လက်ရှိအင်အားနည်းနေသော စစ်ကောင်စီတပ်သားများနေရာတွင် ကင်းလှည့်ခိုင်းခြင်း၊ဧည့်စာရင်းစစ်ရာတွင်ပါ၀င်ခိုင်းခြင်းများပြုလုပ်မည်ဖြစ်ပြီး ရပ်ကွက်အတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ CDMများကိုစောင့်ကြည့်သတင်းပေးရန် ညွှန်ကြားထားကြောင်း သိရှိရသည်။
#ပုသိမ် #စစ်ကောင်စီ #ပြည်သူ့လုံခြုံရေးအဖွဲ့ #စစ်သင်တန်းစပေး #Ayeyarwaddy_Times