ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၉ ရက်

နိုင်ငံခြားဝင်ငွေလိုအပ်သောစစ်ကောင်စီကခရီးသွားဧည့်သည် ဝင်ရောင်စေလိုကာ မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများသည် လုံခြုံစိတ်ချရပြီး ဘေးအန္တရာယ်ကင်းစွာ သွားလာလည်ပတ်နိုင်သည့် ပကတိအခြေအနေမှန်များရှိကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

၂၇ ရက်နေ့က ပြုလုပ်သည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အခမ်းအနားတွင်း ၎င်းက ယင်းကဲ့သို့ပြောကြားခြင်းဖြစ်သည်။

ယခုနှစ် အထိမ်းအမှတ်ဆောင်ပုဒ်မှာ “ခရီးသွားနှင့် ငြိမ်းချမ်းရေး လက်တွဲတူယှဉ် ဖော်ဆောင်ပေး” ဟူ၍ ဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ခရီးသွားလုပ်ငန်းကဏ္ဍဆောင်ရွက်သူများအားလုံးပါဝင်ရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းကြောင်းပြောကြားရန်လိုအပ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆက်လက်ပြောကြားသည်။

စီးပွားရေးပြန်လည်ဦးမော့လာစေရန် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိရာ ခရီးသွားလုပ်ငန်းတိုးတက်ပြီး ခရီးသည်ဝင်ရောက်မှု ပိုမိုတိုးတက်လာမည်ဟု မျှော်လင့်နိုင်ကြောင်း ၎င်း က ဆိုသည်။

ယခင်က နိုင်ငံခြားခရီးသွားဧည့်သည်များအပါအဝင် ပြည်တွင်းခရီးသွားများလည်ပတ်မှုများသည့် ကလောနှင့် အင်းလေးဒေသ၌ လက်ရှိတွင် ရေကြီးရေလျှံမှုကြောင့် နေရာအများအပြားပျက်ဆီးဆုံးရှုံးမှုများနှင့် ကြုံနေရသည်။

လက်ရှိပြည်တွင်းခရီးသွားက ဧရာဝတီတိုင်းရှိ ငွေဆောင်ကမ်းခြေနှင့် ချောင်းသာကမ်းခြေတို့ဆီ သွားရောက်လည်ပတ်မှုများကြောင်း ခရီးသွားလုပ်ငန်းတစ်ခုထံမှ သိရသည်။

ထို့ပြင် ရခိုင်ပြည်ရှိ ကမ္ဘာကျော်ငပလီကမ်းခြေရှိရာ သံတွဲမြို့ကို ရခိုင့်တပ်တော် ( AA) က ထိန်းချုပ်ထားပြီး စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေသည့်အတွက် ခရီးသည်ဝင်ရောက်နိုင်ခြင်း မရှိပေ။

ယခုနှစ် ပထမငါးလအတွင်း နိုင်ငံတကာခရီးသွားဧည့်သည် ငါးသိန်းကျော်ဝင်ရောက်ကာ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ပြည်ပခရီးသွားဧည့်သည် တစ်သန်းကျော်ဝင်ရောက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် ဦးစားပေးသွားလာလည်ပတ်သင့်သည့် နေရာ ၁၄ ခုအဖြစ် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ငွေဆောင်၊ ချောင်းသာ၊ ငပလီ၊ ပြင်ဦးလွင်၊ အင်းလေး၊ ကလော/တောင်ကြီး၊ ကော့သောင်း၊ ကျောက်ဖြူ၊ မာန်အောင်နှင့် ပူတာအိုတို့ကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#ခရီးစဉ်များလုံခြုံစိတ်ချရကြောင်း #စစ်ခေါင်းဆောင်ဆို
#ခရီးသွား #ငြိမ်းချမ်းရေး #လက်တွဲတူယှဉ်ဖော်ဆောင်ပေး
#Ayeyarwaddy_Times