ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ စက်တင်ဘာ ၂၉ ရက်

ကရင်နီပြည်နယ်၊ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) မှ အာဏာသိမ်းစစ်ကောင်စီ၏ တော်လှန်ရေးတပ်ဖွဲ့များကို နိုင်ငံရေးနည်းလမ်းဖြင့် ညှိုနှိုင်းရန် ဖိတ်ခေါ်မှုကို လက်ခံဆွေး‌နွေးမည်မဟုတ်ကြောင်း ယမန်နေ့ စက်တင်ဘာ ၂၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

တရားမဝင်အာဏာသိမ်းစစ်တပ်၏ နိုင်ငံရေးနည်းလမ်းဖြင့် ဖိတ်ခေါ်ချက်သည် လက်ရှိနိုင်ငံရေးအကြပ်အတည်း၏ အဖြေမဟုတ်ပဲ နိုင်ငံရေးအမြတ်ထုတ်မှုတစ်ခုဖြစ်ကြောင်း IEC အနေဖြင့် ရှုမြင်သည့်အတွက် စစ်ကောင်စီ၏ ဖိတ်ခေါ်ချက်ကို လက်ခံညှိနှိုင်းမည်မဟုတ်ပဲ စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်သည်အထိ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

“ဒါကတော့စစ်ကောင်စီအဆက်ဆက်ကလုပ်နေကျနည်းလမ်းပါပဲ။ သူတို့ဘက်က အကျပ်အတည်းတွေဖြစ်တယ်။ ဆုံးရှုံးမှုတွေဖြစ်လာတယ် နယ်မြေတွေလည်း လက်လွှတ်ဆုံးရှုံးရတယ်ဆိုတဲ့အနေအထားမျိုးမှာ ဒီလိုအကျပ်အတည်းကနေရုန်းထွက်နိုင်ဖို့အတွက် ဒီလိုမျိုးဖိတ်ခေါ်တယ် လုပ်နေကျနည်းလမ်းပဲပေါ့နော်။ ဒါကအန္တရာယ်များပါတယ်။ ကျွန်တော်တို့ တပ်ပေါင်းစု တော်လှန်ရေးအင်အားစု ဒီမိုကရေစီအင်အားစုဘက်ကမြင်ဖို့လိုတယ်။ ဒါကလည်း ကျွန်တော်တို့ကြားမှာ သွေးကွဲအောင်လုပ်ချင်တဲ့ ရည်ရွယ်ချက်လဲပါတယ်။ စိတ်ချရတဲ့ဟာမျိုးမဟုတ်ပါဘူး” ဟု IEC အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

တရားမဝင် အာဏာသိမ်း စစ်ကောင်စီသည် စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ခဲ့ပြီး စစ်ရှောင်စခန်းများ၊စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးအဆောက်အဦများ နှင့် ပြည်သူလူထုကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများကို ပြုလုပ်ခဲ့သည့်အတွက် ကလေးငယ် နှင့် အမျိုးသမီးများအပါအဝင် ပြည်သူအများအပြား ထိခိုက်သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့သော ရက်စက်မှုများကို ဆန့်ကျင်တော်လှန်ခဲ့ကြသည့်အတွက် စစ်ကောင်စီအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အာဏာတည်မြဲမှုမရှိတော့ဘဲ ပြည်သူများကို အတင်းအဓမ္မစစ်မှုထမ်းစေခြင်း၊ သန်းခေါင်စာရင်းကောက်ယူရန် အားထုတ်လာ ခြင်း၊ ရွေးကောက်ပွဲပြုလုပ်ရန် ကြိုးပမ်းလာခြင်း၊ ဒီမိုကရေစီအင်အားစုများအကြား သွေးခွဲရန်ရည်ရွယ်ချက်ဖြင့် အတု အယောင်ငြိမ်းချမ်းရေး ကမ်းလှမ်းသည့်အချက်များ ပါဝင်သည့် ထုတ်ပြန်ချက်ထုတ်ပြန်ခြင်းတို့ကို ပြုလုပ်လာကြောင်းလည်း IEC ကပြောဆိုထားသည်။

စစ်ခေါင်းဆောင်မင်း‌အောင်လှိုင်သည် ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်နေ့က နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို ဖော်ဆောင်နိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ PDF တပ်ဖွဲ့များအနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကိုစွန့်ကာ ပါတီနိုင်ငံရေးလမ်း‌ကြောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းများဖြင့် နိုင်ငံရေးပြသနာကို ဖြေရှင်းကြရန် ဖိတ်ခေါ်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ – ကရင်နီရှိတော်လှန်ရေးတပ်ဖွဲ့ဝင်များ
#ကရင်နီ #စစ်ကောင်စီဖိတ်ခေါ်ချက် #ငြင်းပယ် #IEC #ရွေးကောက်ပွဲ #Ayeyarwaddy_Times