ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၉ရက်

ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးသီးချ တိုက်ခိုက်ပြီး ပစ်ခတ်ခြင်းကြောင့် ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ ခုနစ် ဦးသေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက ယမန်နေ့ စက်တင်ဘာ ၂၈ ရက်နှင့်၂၇ ရက်နေ့တို့တွင် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများအား နှစ်ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သည့်အပြင် စစ်ကြောင်းနှင့် တိုးသည့် အမျိုးသမီးတစ်ဦးကိုပါ ပစ်သတ်ခဲ့ခြင်းကြောင့် အမျိုးသားတစ်ဦး၊အမျိုးသမီး ငါးဦးနှင့် အသက်မပြည့်သေးသည့် ကလေးငယ်တစ်ဦးအပါအဝင် ခုနစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်နေ့ နေ့လယ်တွင် စံပါယ်နံ့သာ စစ်ကောင်စီအထိုင်စခန်းမှ ရေရှင်ကြီးရွာအား ဒရုန်းဖြင့် ဗုံးသီး သုံးလုံးချ တိုက်ခိုက်ခဲ့သဖြင့် ရေရှင်ကြီးရွာမှ အမျိုးသားလေးဦးနှင့် အမျိုးသမီး သုံးဦး ထိခိုက်ပြီး ၊ ဦးခင်ဆွေဆိုသည့် ခရီးသွား အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။

တစ်ပြိုင်နက်တည်းမှာပင် အောင်တိုင်းလယ်ကျေးရွာကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးသီးချတိုက် ခိုက်ခဲ့ရာ အသက်(၅၀) ကျော်အရွယ် ဒေါ်ရွှေကို ထိမှန်ကာ သေဆုံးခဲ့ပြီး ထိုနေ့မနက်မှာပင် စစ်ကောင်စီ တပ်မှ ၂ မိုင်တောတိုက်မှ အမျိုးသမီးတစ်ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့‌ကြောင်း ကျွန်းလှတက်ကြွ လှုပ်ရှားသူများအဖွဲ့ထံက သိရသည်။

ယမန်နေ့ စက်တင်ဘာ ၂၈ ရက်နေ့ မနက်တွင် စံပါယ်နံ့သာစစ်ကောင်စီ အထိုင်စခန်းမှပင် ဒရုန်းဖြင့် ထပ်မံပြီးဗုံးသီး ၂ လုံးချတိုက်ခိုက်ခဲ့သဖြင့် စံပါယ်နံ့သာ စစ်ကောင်စီအထိုင်နှင့် ၄ မိုင်ခန့်သာဝေးသည့် မှန်နီပင်ရွာမှ ညီအစ်မအရင်းဖြစ်သည့် မအိအိခိုင်(၃၅)နှစ်၊မအိအိနိုင်(၂၅)နှစ်၊ဒေါ်လှော်(၅၀)နှစ်နှင့် အသက်မပြည့်သေးသည့် မဖူးဝေ(၅)နှစ် အပါအဝင်စုစုပေါင်း ပြည်သူ လေးဦး ထပ်မံသေဆုံးခဲ့ရ ကြောင်းသိရသည်။

“တိုက်ပွဲမရှိပါဘူး။ စပါယ်နံ့သာ အထိုင်စခန်းကနေလာကြဲတာ ဗုံးသီးနဲ့။ အောင်တိုင်း၊ ရေရှင်ကြီးရွာနဲ့ မှန်နီပင်က လူတွေထိကုန်တယ်” ဟု ကန့်ဘလူဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နှစ်ရက်အတွင်း စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာ သုံးရွာမှ အပြစ်မဲ့ပြည်သူ ခုနစ်ဦးအထိအသက်ဆုံးရှုံးခဲ့ရပြီး ခုနစ်ဦးမှာလည်း အသက်အန္တရာယ်မစိုးရိမ်ရသည့် ဒဏ်ရာများရရှိထားကြောင်းသိရသည်။

ယခုအခါ စံပါယ်နံ့သာ အနီးတစ်ဝိုက်ရှိ ကျေးရွာများသည်လည်း အရေးပေါ် စစ်‌ဘေးတိမ်းရှောင် နေရကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်ရှိ ကျေးရွာအများစုမှာ ပျူစောထီးအင်အားကောင်းသည့် ကျေးရွာများမှ ဝင်ရောက် လုယက်ခြင်း၊ စစ်ကောင်စီစစ်ကြောင်းများမှ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးပြီး ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်းဒဏ်ကို ခံနေရပြီး စစ်ဘေးတိမ်းရှောင်နေကြရသည်။

ပုံစာ- ကန့်ဘလူမြို့နယ်မှ စစ်ဘေးရှောင်များ (ပုံဟောင်း)

#ကန့်ဘလူ #စစ်ကောင်စီ #ဒရုန်းဗုံးချ #တိုက်ခိုက် #ဒေသခံ #၇ဦးသေဆုံး #Ayeyarwaddy_Times