ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၉ရက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် အာရက္ခတပ်တော်(AA) နှင့် စစ်ကောင်စီတို့ဖြစ်ပွားနေသည့် တိုက်ပွဲ အတွင်း စခန်းစွန့်ခွာပြီး နယ်စပ်ဖြတ်ကျော်ကာထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံသို့ ပြန်ပို့ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာလ ၂၉ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဝင်ပြေးလာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၂၃ဦးကို မြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာများတွင် ဖော်ပြထားသည်။

ထိုသို့ပို့ဆောင်ရာတွင် မြန်မာနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် အဖမ်းခံထားရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈၅ဦးနှင့် အလဲအလှယ်လုပ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အကျဥ်းသားများ အပြန်အလှန်လဲလှယ်မှု ဖြစ်စဥ်မှာ လေးကြိမ်ထက်မနည်းရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈၅ ဦးဟာ ပြစ်ဒဏ်တွေ ကျခံပြီးတာနဲ့ ဘင်္ဂလားဒေ့ရှ်ကို ပြန်သွားမှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဘင်္ဂလား ဒေ့ရှ်ထဲ ပြေးလာတဲ့ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၁၅ ဦးနဲ့ စစ်သား ၈ ဦး စုစုပေါင်း ၁၂၃ ဦးကိုလည်း မြန်မာနိုင်ငံဘက်ကို ပြန်ပို့မှာဖြစ်ပါတယ်” ဟု ဘင်္ဂလားဒေ့ရှ်၊ Cox’s Bazar ဒုတိယကော်မရှင်နာ Mohammad Salahuddin ကဘင်္ဂလားဒေ့ရှ် မီဒီယာများထံအတည်ပြု ပြောကြားသည်။

နောက်ထပ် ဘင်္ဂလားဒေ့ရှ်မှ အရာရှိတစ်ဦးကလည်း နတ်မြစ်ကိုဖြတ်ပြီး ရခိုင်ကနေ ဘင်္ဂလားဒေ့ရှ်ထံ လာရောက်ခိုလှုံသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကို ယနေ့ တနင်္ဂနွေနေ့တွင် မြန်မာနိုင်ငံသို့ ပြန်ပို့မည် ဖြစ်ကြောင်း ဆိုထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီမှစကာ ယခုစက်တင်ဘာအထိ မောင်တောတိုက်ပွဲအတွင်း AA ၏ ထိုးစစ်ကိုမခံနိုင်ဘဲ စခန်းစွန့်ခွာထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အမြောက်အမြားရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဝင်ပြေး၍ မြန်မာနိုင်ငံသို့ ပြန်ပို့ခံရသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၇၅ ဦး ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

ပုံစာ- ပြီးခဲ့သည့် ဇူလိုင်လတွင် ဘင်္ဂလားဒေ့ရှ်က အဝင်မခံ၍ နတ်မြစ်အတွင်း မျောနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ

#ရခိုင် #နယ်ခြားစောင့်အဖွဲ့ #စစ်ကောင်စီ #ဘင်္ဂလားဒေ့ရှ် #၁၂၃ဦး #ပြန်ပို့ #Ayeyarwaddy_Times