ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ စက်တင်ဘာ ၂၉ ရက်)
လောကမှာ တစ်ဦးအပေါ်တစ်ဦး မေတ္တာရှိဖို့ ၊ ချစ်နေကြဖို့ဆိုတာ အရေးကြီးပါတယ်။ လူအချင်းချင်း သာမက တိရစ္ဆာန်လေးတွေကိုပါ ချစ်ခင်စောင့်ရှောက်ပေးနေတာက မေတ္တာတရားကို လက်ကိုင်ထားပြီး ဗြဟ္မစိုရ်တရားကို ကျင့်ကြံနေကြတာပဲဖြစ်ပါတယ်။
မင်္ဂလာရှိတဲ့ ချစ်ခြင်းမေတ္တာနဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို စောင့်ရှောက်ရင်း အတူတကွ နေထိုင်ကြတဲ့အခါမှာ ဉာဏ်ပညာနဲ့ယှဉ်ပြီး ကိုယ့်ကိုယ်တိုင်ရဲ့ ကျန်းမာခြင်းကို အလေးထားရပါမယ်။
အိမ်မွေးတိရစ္ဆာန်မွေးမြူခြင်းကောင်းကျိုးများ
အိမ်မွေးအသည်းကျော် ကြောင်လေး၊ ခွေးလေးများ ရှိနေခြင်းက သင့်ရဲ့စိတ်ကို ကျန်းမာစေပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့အတူတူ ဆော့ကစားတာက အကောင်းဆုံးစိတ်ဒဏ်ရာ ကုသပေးနည်း လမ်းဆိုပြီး ပြောစမှတ်ပြုကြပါတယ်။
ကြောင်ကလေးကို ပွတ်သပ်ပေးနေတဲ့အချိန်မှာ စိတ်ဖိစီးမှုတွေကို လျော့ကျနေတာကို ကိုယ်တိုင် သတိထားမိပါသလား။ ခွေးကလေးနဲ့ လမ်းလျှောက်ထွက်တဲ့အချိန်ဟာ သင်ဘဝရဲ့အပျော်ဆုံး အချိန်တွေ ဖြစ်နိုင်တယ်ဆိုတာ သတိပြုမိကြပါရဲ့လား။
သက်ကြီးရွယ်အိုတွေဟာ အထီးကျန်စိတ်ကျတဲ့အခါ အဖော်ရဖို့ အိမ်မွေးတိရိစ္ဆာန်လေးတွေ မွေးမြူကြပါတယ်။ စိတ်အခြေအနေ ပြန်လည်ကောင်းမွန်စေဖို့အတွက် စိတ်ဒဏ်ရာကုထုံးခံယူ နေကြသူတွေလည်း ခွေးကလေးတွေ၊ကြောင်ကလေးတွေ မွေးတတ်ကြပါတယ်။
လူသားအချင်းချင်း ယုံကြည်မှုပြဿနာတွေ ကြုံခဲ့ဖူးသူတွေလည်း အိမ်မွေးတိရစ္ဆာန်မွေးမြူပြီး မိမိကိုယ်ကိုပြန်တည်ဆောက်ကြပါတယ်။ တချို့သောလူတွေကတော့ အိမ်ထောင်မပြုတော့ဘဲ တစ်ကိုယ်တော်ဘဝနဲ့ရှင်သန်ပြီး ချစ်ခြင်းမေတ္တာကို အိမ်မွေးတိရစ္ဆာန်လေးတွေအပေါ် ရာနှုန်းပြည့် ပုံအပ်ထားလိုက်ပါတော့တယ်။
အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးမြူခြင်းက အယ်လ်ဇိုင်းမားရောဂါ (Alzheimer’s Disease) လို့ခေါ်တဲ့ မှတ်ဉာဏ်ချို့ယွင်းရောဂါခံစားနေရသူတွေရဲ့ စိတ်အခြေအနေကို သင့်တင့်မျှတစေတဲ့ ကောင်းကျိုး ရရှိစေပါတယ်။ ထို့အတူ ပေါင်းသင်းဆက်ဆံရေး၊ လူမှုပတ်ဝန်းကျင်နဲ့ အံဝင်ခွင်ကျဖို့အခြေအနေ တွေကိုလည်း ဦးတည်ပေးပါတယ်။
ဒါကြောင့် အိမ်မွေးတိရစ္ဆာန်လေးတွေဟာ နေ့စဉ်ဘဝကို အတူတူဖြတ်သန်းဖို့ အကောင်းဆုံး အဖော်မွန်တွေပဲဖြစ်ပါတယ်။
ရည်းစားနဲ့ပြတ်ခြင်း၊ အိမ်ထောင်ကွဲခြင်းတို့လို့ အဖြစ်မျိုးကြုံခဲ့ရတဲ့ အသည်းကွဲနေသူတွေဟာ အိမ်မွေးတိရစ္ဆာန်လေးမွေးပြီး အချစ်ကြောင့်နာကျင်နေရတဲ့ ဒဏ်ရာတွေကို ကုသကြတယ်လို့ ချစ်လူမှုရေးရာ အကြံပေးပညာရှင်တွေက ဆိုကြပါသေးတယ်။
စစ်တပ် အဓမ္မအာဏာသိမ်းမှုအပေါ် လက်မခံဘဲ တောခိုကာ တွန်းလှန်နေကြသူတွေ၊ စစ်ကောင်စီရဲ့မတရား ဖမ်းဆီးတာကြောင့် နိုင်ငံကိုစွန့်ပစ်ထွက်ပြေးရသူတွေမှာလည်း တိရစ္ဆာန်လေးတွေကို မွေးမြူစောင့်ရှောက်ပြီး ဆိုးရွားခက်ခဲတဲ့ လောကဒဏ်တွေကို ရင်ဆိုင်အံတုနေကြတာကို တွေ့နေ မြင်နေရပါတယ်။
သတိပြုရမည့်ရောဂါများ
အိမ်မွေးတိရစ္ဆာန်တွေကနေ သင့်ထံကူးစက်နိုင်သောရောဂါများလည်း ရှိနေပါတယ် ဆိုတာကို တိချစ်သူတွေအနေနဲ့ မေ့မထားသင့်ပါဘူး။
ကြောက်စရာအကောင်းဆုံးရောဂါတွေကတော့ကုသမှုနတ္ထိ ရာနှုန်းပြည့်သေဆုံးနိုင်သော ခွေးရူးပြန် ရောဂါ ဖြစ်ပါတယ်။ ခွေး ၊ကြောင်တို့ရဲ့ သွားရည်မှာ ခွေးရူး ပြန်ဗိုင်းရပ်စ်ပိုး ရှင်သန်နေထိုင်နိုင်တာကြောင့် မိမိတို့ရဲ့ကြောင်ကလေး၊ ခွေး ကလေးတွေကို ခွေးရူးပြန်ကာကွယ်ဆေး မဖြစ်မနေထိုးထားပေးရပါမယ်။
ခွေကလေး ကြောင်ကလေးတွေကနေ လူကို ( Ringworms ) အရေပြားယားနာဖြစ်တဲ့ ပွေးရောဂါလည်း ကူးစက်နိုင်ပါတယ်။ အဲ့ဒါတွေအပြင် ဝမ်းပျက်ဝမ်းလျောရောဂါတွေ ၊ သံလုံးကောင်၊ ကြိုးပြားသံကောင်၊ ချိတ်သံကောင် အပါအဝင် ကပ်ပါးကူးစက်ခြင်းတွေ၊ Leptospirosis လို့ အသားဝါရောဂါ နဲ့ အမျိုးမျိုးသော ဖျားနာခြင်းတွေ ကြုံရခံစားရတတ်ပါတယ်။
Toxoplasma လို့ခေါ်တဲ့ ကပ်ပါးကောင်ကို ကြောင်တွေက စွန့်ပစ်လိုက်တဲ့ အညစ်အကြေး မစင်တွေထဲမှာ တွေ့ရပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေကူးစက်ပါက မိခင်မှာ ကိုယ်ခံအား ပြဿနာတွေကြုံရပြီး မွေးလာမယ့်ကလေးမှာပါ အန္တရာယ်ရှိပါတယ်။ ဒါကြောင့်ကိုယ်ဝန်ဆောင်ချိန်မှာ ကြောင်နဲ့ထိတွေ့ခြင်း တွေကို အတတ်နိုင်ဆုံးရှောင်ရှားသင့်ပါတယ်။
ခွေးကလေး ကြောင်ကလေးတွေရဲ့အမွှေးမှာ ကပ်တွယ်နေထိုင်ကြတဲ့ မြှေး၊ လှေး၊ သန်း တွေကလည်း လူတွေကို အရေပြားရောဂါပြဿနာတွေ ဖြစ်တတ်စေသလို အမွေးကျွတ်တာတွေကို ရှူမိရင်လည်း ပန်းနာရင်ကြပ် အပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါ သေးတယ်။
ဒါကြောင့် အိမ်မွေးတိရစ္ဆာန်မွေးမယ်ဆိုပါက မိမိတစ်ကိုယ်ရည်ကျန်းမာရေးအပြင် သူတို့လေးတွေရဲ့ အနံ့အသက်ထိန်းသိမ်းရေး ၊ ကျန်းမာရေးတွေကိုပါ စနစ်တကျကာကွယ်ပေးပြီး မွေးမြူပေးကြ စေလိုပါတယ်။ တိရစ္ဆာန်ရောဂါကုသပေးတဲ့ဆရာဝန်များနဲ့လည်း အခါအားလျော်စွာ စိတ်ကုသပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းတွေကိုလည်း တိရစ္ဆာန်အခွင့်အရေးနဲ့အညီ ပြုလုပ်ပေးကြစေလိုပါတယ်။
ဧရာဝတီတိုင်မ်းသတင်းဌာနကို အားပေးဖတ်ရှုနေကြတဲ့ တိရစ္ဆာန်ချစ်သူများ ဒီကနေ့ ဆောင်းပါးလေးကို စိတ်ကျေနပ်ကြမယ်လို့ ယူဆပါတယ်။
နောက်တစ်ပတ်မှာတော့ ခေါင်းလျှော်ရည်နှင့် ရှန်ပူ အကြောင်းကိုကျန်းမာရေးရှုထောင့်မှ တင်ဆက် ပေးသွားမှာဖြစ်တာကြောင့် အားပေးကြပါဦးခင်ဗျာ။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #အိမ်မွေးတိရစ္ဆာန်လေးများနှင့်သင့်ကျန်းမာရေး #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)