ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၉ရက်
ကချင်ပြည်နယ်၊ ချီဖွေမြို့ရှိစစ်ကောင်စီ၏ တပ်စခန်းအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ထိုးစစ်ဆင်တိုက်ခိုက် သိမ်းယူလိုက်ကြောင်း သိရသည်။
ယနေ့ စက်တင်ဘာ ၂၉ရက် နံနက် ၅နာရီခန့်မှစတင်၍ ချီဖွေမြို့ရှိ စစ်ကောင်စီ၏ ပြည်သူ့စစ်စခန်း၊ ချီဖွေမြို့မရဲစခန်း၊ ၄မိုင်စုပေါင်းဂိတ်စခန်းနှင့် ဗျူဟာတပ်စခန်းကုန်းများကို KIAက ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားပြီး မကြာခင်တွင်ပင် ဗျူဟာကုန်းမှလွဲ၍ ကျန်သည့် စစ်စခန်း သံုးခုကိုသိမ်းယူနိုင်ခဲ့ပြီး ဗျူဟာကုန်းကိုမူ ညနေပိုင်းတွင် သိမ်းယူနိုင်ခဲ့ကာ ဗျူဟာကုန်းမှာ မီးများလောင်ကျွမ်းနေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
“မနက်အစောပိုင်းကတည်းက စစ်တပ်ကနေ တိုက်လေယာဥ်တွေ၊ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ညနေအထိ ဗျူဟာကို တိုက်တုန်းပဲ။ ညနေ ၆နာရီလောက်ကတော့ ဗျူဟာဘက်က မီးလောင်နေတာတွေ့ရတယ်။ ဖုန်းလိုင်းတွေ မကောင်းတော့ အတိအကျကိုတော့ စုံစမ်းနေတယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
`
ထိုသို့ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းယူရာတွင် တပ်ဖွဲ့ဝင်အများအပြားနှင့် လက်နက်၊ ခဲယမ်းအမြောက် အများကို KIAက သိမ်းဆည်းရမိမှုများရှိကြောင်း သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီက ဂျက်ဖိုက်တာ လေးစင်းဖြင့် နှစ်ကြိမ်တိုင်လာရောက်တိုက်ခိုက် ဗုံးကြဲချခဲ့ကြောင်း သိရသည်။
စစ်ကောင်စီစခန်းနှင့် ပြည်သူ့စစ်စခန်းများမှ ပြည်သူ့စစ်ခေါင်းဆောင်နှင့် စစ်အရာရှိများမှာ တိုက်ပွဲဖြစ်ပွားစဥ်တွင် ပန်ဝါမြို့ဘက်သို့ ထွက်ပြေးသွားကြကြောင်း သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် စက်တင်ဘာ ဒုတိယအပတ်ကတည်းက ပြည်သူ့စစ်များနှင့် စစ်ကောင်စီတပ်များကိုပန်ဝါတွင် အင်အားဖြည့်ထားကြောင်း သိရသည်။
#ကချင် #ချီဖွေ #စစ်ကောင်စီစခန်းအားလုံး #KIAသိမ်းပိုက် #Ayeyarwaddy_Times