ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၇ ရက်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ခြေဆေးကျေးရွာအနီးရှိ တော်လှန်ရေးတပ်ဖွဲ့စခန်းတခုကို ပျူစောထီးနှင့် စစ်ကောင်စီတပ်များ ဝင်ရောက်တိုက်ခိုက်ရာ ပျူစောထီး ၁၈ ဦးသေဆုံးပြီး ကားများဖြင့်တင်၍ ပြန်ထွက်ပြေးသွားကြရကြောင်း သိရသည်။

ယနေ့ စက်တင်ဘာ ၂၇ ရက်နေ့ နံနက် ၅ နာရီခန့်တွင် Myingyan Black Tiger-MBT တပ်ဖွဲ့ စစ်ကြောင်း ၃ အခြေချထားသည့် တပ်စခန်းကို စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား ၁၂၀ ခန့်က စစ်ကြောင်းထိုးဝင် ရောက်တိုက်ခိုက်ရန် ကြိုးပမ်းလာသည်ဟု MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲ ထံက သိရသည်။

“စခန်းက ခံစစ်အခိုင်အမာတည်ဆောက်ထားပြီး တပ်ဖွဲ့ရဲ့တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် နောက်ပြန်ဆုတ်ပြီး ထွက် ပြေးကြတယ်။ မနက် ၇ နာရီလောက်ကျတော့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေ ရောက်လာပြီး အင်အားဖြည့်ထိုးစစ်ဆင်ပြီး ခြေဆေးချောင်းအတွင်း ပိတ်ဆို့ထားလိုက်နိုင်တယ်။ အဲဒီချိန်မှာ လေယာဉ်ပစ်ကူနဲ့ ဒရုန်းတွေနဲ့ပါ စစ်ကောင်စီဘက်က တိုက်လာချိန်မှာ ပြန်ဆုတ် လိုက်ရတယ်။ ဒါတောင် မျက်မြင်သေတာမနည်းဘူး။ ကားတွေနဲ့ပြန်တင်သွားတယ်” ဟု Myingyan Black Tiger-MBT တပ်ဖွဲ့ခေါင်း ဆောင် ဗိုလ်မိုက်ခဲက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲမှာ ၇ နာရီကျော်ကြာအထိ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ဒရုန်းများအပြင် လေယာဉ်မှ နှစ်ကြိမ်တိုင် လာရောက်ပစ်ခတ်မှုတို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့များ ဆုတ်ခွာပေးခဲ့ရကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီနှင့် ပျူစောထီး ၁၈ ဦးခန့် သေဆုံးပြီး 4 Wheel ကားဖြင့် ပြန်လည် တင်ဆောင်သွားကာ ထိခိုက်‌သေဆုံးများ၍ စစ်ကြောင်းပြန်လည်ဆုတ်ခွာ‌သွားခြင်း ဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့များက ဆိုထားသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်မူ စစ်ကောင်စီတပ်နှင် သီတာယုမွန်ဦးဆောင်သည့် စစ်ကြောင်းက တော်လှန်ရေးတပ်စခန်းတစ်ခုကို ဝင်ရောက်စီးနင်း သိမ်းပိုက်နိုင်ခဲ့သည်ဟု ရေးသား၍ ဝါဒဖြန့်ထားသည်ကို တွေ့ရသည်။

စခန်းစီးနင်းတိုက်ခိုက်ခံရချိန်တွင် မြင်းခြံခရိုင်အမှတ် (၁၊၂၊၃၊၇၊၈)တပ်ရင်းများ၊ မြင်းခြံခရိုင်ပကဖ၊ စွန်ရဲပြောက်ကျားတပ်ဖွဲ့၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့၊ အမှတ် (၈၁၅) တပ်ရင်း (PLA) တပ်ဖွဲ့များမှ တပ်ကူများလာရောက်ပူးပေါင်း အင်အားဖြည့်တင်းပေးခဲ့ရာ အရှိန်မြင့် တန်ပြန်ထိုးစစ်ဆင်ခဲ့ပြီး MBT တပ်ဖွဲ့ကို အင်အားဖြည့်ပူးပေါင်း ကူညီပေးပါသော မဟာမိတ်တပ်ဖွဲ့များအား အထူးပင်ကျေးဇူး တင်ကြောင်း ဗိုလ်မိုက်ခဲက ဆိုသည်။

ပုံစာ – ပျူစောထီးခေါင်းဆောင် သီတာယုမွန်ဦးဆောင်သည့် ပျူအဖွဲ့

#မန္တလေး #မြင်းခြံ #ခြေဆေးရွာ #တော်လှန်ရေးတပ်စခန်း #စစ်ကြောင်းထိုး #တိုက်ပွဲဖြစ် #စစ်ကောင်စီ #ပျူစောထီး #သေဆုံး #Ayeyarwaddy_Times