
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၈ ရက်
ယခုလအစောပိုင်းမှစတင်ကာအမေရိကန်ဒေါ်လာဈေးကျဆင်းလာပြီးနောက် ပြင်ပရွှေဈေးကွက်တွင်ရွှေ ဈေးကျလာပြီး ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ၏သတ်မှတ်ဈေးနှုန်းမှာ မြင့်တက်လာကြောင်း စုံစမ်းသိရသည်။
နိုင်ငံခြားငွေလဲဈေးကွက်အတွင်း အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၄၉၃၀ မှ ၅၂၀၀ ကျပ် ဝန်းကျင်ရှိကြောင်း ယနေ့နံနက် စက်တင်ဘာ ၂၈ရက်နေ့ အဖွင့်ဈေးကွက်အရသိသည်။
” အွန်လိုင်းပေါ်က ဒေါ်လာပေါက်ဈေးနဲ့ အပြင်မှာဝယ်ဈေးနဲ့ ရောင်းဈေးက ကွာတယ်။ တစ်ဒေါ်လာကို ကျပ် နှစ်ရာနီးပါးလောက်ကွာတယ်။ ဒီနေ့ဆို အပြင်မှာအရွက်ယူမယ်ဆို အဝယ်က တစ်ဒေါ်လာ ၅၂၀၀ ပေးရမယ်။ ရောင်းမယ်ဆိုရင် ၅၀၀၀ ရတယ်။ အဲဒီလောက်ပဲ” ဟု ဒေါ်လာရောင်းဝယ်လုပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြင်ပဈေးကွက်ပေါက်ဈေးတွင် အကယ်ဒမီအခေါက်ရွှေတစ်ကျပ်သားလျှင် ၆၅ သိန်း ၇ သောင်းရှိကြောင်း စုံစမ်းသိရသည်။
စက်တင်ဘာလ ၂၅ ရက်မှ ၂၈ ရက် ၃ရက်အတွင်းမှာ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း၏ သတ်မှတ်နှုန်းထားမှာ အကယ်ဒမီအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်တစ်သိန်းနီးပါးမြင့်တက်လာသည်။
စက်တင်ဘာ ၂၅ ရက်နေ့တွင် အကယ်ဒမီအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၅၃ သိန်းမှ စက်တင်ဘာ ၂၈ ရက်နေ့တွင် ကျပ် ၅၄ သိန်း ( ၅,၄၀၇,၄၅၁ ) တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်း ( YGEA) ထံက သိရသည်။
အဆိုပါအသင်းသတ်မှတ်ဈေးနှုန်းအတိုင်း ရွှေဆိုင်များ အရောင်း၊ အဝယ်ပြုလုပ်ကြရန်နေ့စဉ် ထုတ်ပြန် လျက်ရှိသည်။
နိုင်ငံခြားငွေလဲနှုန်းထားဈေးကွက်အတွင်း တရုတ်ယွမ်ဈေး တစ်ယွမ်လျှင် ၇၁၂ ကျပ်နှင့် ထိုင်းဘတ်ဈေးတွင် ထိုင်းတစ်ဘတ်လျှင် ၁၄၆ ကျပ်ရှိကြောင်း စုံစမ်းသိရသည်။
ပြီးခဲ့သည့်လပိုင်းအတွင်း အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ကျပ် ၇၂၀၀ နီးပါးဈေးရောက်ရှိပြီးနောက် စက်တင် ဘာလအစပိုင်းမှစတင်ကာ တစ်ဒေါ်လာလျှင် ကျပ် အရောင်း ၅၆၀၀ ကျပ်နှင့် အဝယ် ၅၄၀၀ ကျပ်ရှိရာမှ တဖြည်း ဖြည်း ကျပ် ငါးထောင်အောက်သို့ရောက်ရှိလာခြင်းပြီး အကယ်ဒမီအခေါက်ရွှေဈေးသည် ကျပ် ၆၈ သိန်းမှကျဆင်းလာခြင်းဖြစ်သည်။
စစ်ကောင်စီသည် ဒေါ်လာဝင်ရောက်ရာလမ်းကြောင်းဖြစ်သည့် ပို့ကုန်တင်ပို့သူများထံမှ ပို့ကုန်ရငွေ နှစ်နှစ်စာထပ်မံတောင်းခံပြီး နိုင်ငံကြီးသားပီသရန်လိုအပ်ကြောင်း စစ်ကောင်စီ၏ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်တင်ဘာ ၂၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
#နိုင်ငံခြားငွေလဲဈေးနှုန်းကျ #ဒေါ်လာဈေးကျ #ပြည်တွင်းရွှေဈေးကျ #Ayeyarwaddy_Times