ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၈ ရက်

ပြည်သူလူထုရွေးချယ်ခဲ့သည့် အစိုးရကို ဖမ်းဆီးထောင်ချ၍ ပြည်သူ့ဆန္ဒကို လျစ်လျူရှုအာဏာသိမ်းကာ လက်နက်ကိုင်လမ်းစဉ် တွန်းပို့ခဲ့သည့် စစ်ကောင်စီသည် ပြည်သူလူထုအပေါ် စစ်မှန်သော စေတနာရှိပါက ငြိမ်းချမ်းရေးဆွေးနွေးကြဖို့လိုအပ်ကြောင်း ပြောဆိုလာသည်။

ပြည်သူလူထုအပေါ်တွင် စစ်မှန်သော စေတနာရှိပါက ပြည်သူ့အရေး အလေးပေး တွေ့ဆုံဆွေးနွေးကြရန် စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ စက်တင်ဘာ ၂၇ ရက်နေ့ညက ထုတ်ပြန်ပြောဆိုလာခြင်းဖြစ်သည်။

စစ်ခေါင်းဆောင်က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနှင့် ဖြေရှင်းရန်အတွက် စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရန်ကြိုးပမ်းနေသည့် တော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်ဟုသုံးနှုန်းကာ နိုင်ငံရေးလမ်းနှင့်ပြဿနာကို ဖြေရှင်းကြရန်ဖိတ်ခေါ်ကြောင်း ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက် ညပိုင်းအချိန်တွင်ပြောဆိုခဲ့သည်။

နိုင်ငံ၏ ယိုင်နဲ့လာသည့် စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံ ရေးအခြေအနေများကို ရှေ့ရှုပြီး ယခုကဲ့သို့ နိုင်ငံရေး နည်းလမ်းနှင့်ဖြေရှင်းရန် ဖိတ်ခေါ်ခြင်းဖြစ်ကြောင်းလည်း ပြောဆိုထားသည်။

လက်ရှိမြန်မာနိုင်ငံ၏အခြေအနေ ပြောင်းလဲလာကာ နိုင်ငံတကာအခြေအနေ ငြိမ်းချမ်းရေးကိုလိုလားသည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များ၏ သဘောဆန္ဒများကြောင့် ငြိမ်းချမ်းရေးကမ်းလှမ်းဖို့ ဖိတ်ခေါ်ချက်ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

ထို့အပြင် ပြည်တွင်းစည်းလုံး ညီညွတ်မှု ယိုင်နဲ့လာပါက နိုင်ငံတကာပြိုင်ဆိုင်မှုများကြားတွင် နိုင်ငံပါ ပျောက်ကွယ်သွားနိုင်သည်အထိ အန္တရာယ်ကြီးမားလာသောကြောင့် ပြည်တွင်းညီညွတ်မှုကို ဦးတည်ပြီး ယခုကဲ့သို့ ကမ်းလှမ်းဖိတ်ခေါ်ရခြင်းဖြစ်သည်ဟု ဆိုသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော ဆိုသည့်အတိုင်း တော်လှန်ရေးတပ်ဖွဲ့များကို လက် နက်ကိုင်အဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ၊ သောင်းကျန်းသူအဖွဲ့ အစည်းများ၊ အကြမ်းဖက် PDF အဖွဲ့များဟု ပြောဆို သုံးနှုန်းကာ လက်နက်ကိုင်တိုက်ခိုက်သည့် လမ်းစဉ်ကို စွန့် လွှတ်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနှင့်ဖြေရှင်းရန် ပြောဆိုခဲ့သည်။

ထို့​ပြင်ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို ရောက်ရှိရန် ရွေး ကောက်ပွဲလမ်းကြောင်းကနေတဆင့် ဖြေရှင်းရမည်ဟု ပြောဆိုခဲ့ပြီး စစ်ကောင်စီအနေဖြင့် ပါတီစုံ ဒီမိုကရေစီစနစ်ကို ပြန်သွားနိုင်ရန် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ စတင်လုပ်ကိုင်နေပြီဖြစ်ကြောင်း ရွေးကောက်ပွဲကျင်းပရန်အတွက် အဓိကထားပြောဆိုသွားသည်။

နိုင်ငံတွင် ရေကြီးရေလျှံမှုဒဏ်နှင့် သဘာဝဘေးဒဏ် များ ခံစားခဲ့ရသည့်အတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ အလျင်အမြန်ဆောင်ရွက်နိုင်ရန် နိုင်ငံတည်ငြိမ်အေးချမ်းဖို့ လိုအပ်ကြောင်းကိုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုထားသည်။

စစ်ကောင်စီက ပြည်တွင်းစည်းလုံးညီညွတ်မှု ယိုင်နဲ့ နေသည့်အတွက် နိုင်ငံရေးနည်းလမ်းနှင့် ဖြေရှင်းကြရရန် ဖိတ်ခေါ်သည်ဟုဆိုသော်လည်း ၎င်းထုတ်ပြန် ပြောဆိုပြီး နာရီပိုင်းအတွင်းတွင်ပင် ၎င်းတို့ လက်လွှတ်လိုက်ရသည့် တိုင်းရင်း သားနယ်မြေတစ်ခုဖြစ်သော လားရှိုးမြို့ကို ဗုံးကြဲချတိုက်ခိုက်ခဲ့သည်။

နိုင်ငံ၏နယ်မြေအနှံ့ တိုက်ပွဲများဖြစ်ပွားနေပြီး ပြည်သူလူထုမှာ ရေဘေးရှောင်၊ စစ်ဘေးရှောင်ကာ မိမိတို့ နေထိုင်ရာ နေရပ်များမှ ဖယ်ခွာထွက်ပြေးနေရသည့်ကို လျစ်လျူရှု့၍ ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူသည့် လုပ်ငန်းစတင်နေသည်ဟုလည်း စစ်ခေါင်းဆောင်ကပြောဆိုထားသည်။

ရွေးကောက်ပွဲကျင်းပရန် အဓိကကျသည့် သန်းခေါင် စာရင်းကောက်ယူမှုကိုပင် နယ်မြေအချို့၌ ပြုလုပ်နိုင်မည်မဟုတ်ဘဲ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရန်မှာလည်း စစ်ကောင်စီက ၎င်းတို့သဘောမကျသည့် ပြည် သူထောက်ခံသော NLD ပါတီအပါအဝင် ပါတီအချို့ကို ပါတီဝင်ခွင့်ပယ်ဖျက်ထားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူကရွေးချယ်တင်မြှောက်လိုက်သည့် အရပ်သားအစိုးရကို ဖမ်းဆီး အကျဉ်းချထားသည့် စစ်ကောင်စီက ရွေးကောက်ပွဲတဖန်ကျင်းပပြီး အနိုင်ရသူကို အာဏာ လွှဲပြောင်းပေးမည်ဆိုသည့် စကားမှာ ရေရှ့နောက်မညီညွတ်၍ ယုံကြည်နိုင်ဖွယ်မရှိကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူများက ဆိုသည်။

လက်ရှိတွင် ယခုကဲ့သို့ ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းရသည်မှာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတချို့နှင့် နိုင်ငံတကာ ၏သဘောထား ပြောင်းလဲလာမှုကို ရှေ့ရှုပြီးဖိတ်ခေါ်ရခြင်းဖြစ်ကြောင်း စစ်ကောင်စီက ဆိုလာသည်။

တော်လှန်ရေးတပ်ဖွဲ့များဘက်ကမူ စစ်ခေါင်းဆောင် က နိုင်ငံရေးနည်းလမ်းနှင့် ဖြေရှင်းရန်ပြောဆိုပြီးနောက်ပိုင်း မည်သည့်တုံ့ပြန်ချက်မှ ပြုလုပ်ခြင်းမရှိ သေးပေ။

#အာဏာသိမ်း #စစ်တပ် #ပြည်သူလူထု #စေတနာ #ငြိမ်းချမ်းရေး #ဆွေးနွေးရန် #ထုတ်ပြော #Ayeyarwaddy_Times