အယိုက်လင်း/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၈ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ကောင်စီက ခိုးယူလုယက်ထားသည့် ဆိုင်ကယ်များကို ယမန်နေ့ စက်တင်ဘာလ ၂၇ ရက်နေ့ မနက်ပိုင်းက လျော့စျေးဖြင့် ထုတ်ရောင်းနေကြောင်း ဒေသခံများထံက သိရှိရသည်။

အဆိုပါ ဆိုင်ကယ်များသည် ကလေးမြို့တွင်း ကင်းလှည့်စဥ် ခိုးယူလုယက်ထားသည့် ဆိုင်ကယ်များနှင့် ကလေးမြို့နယ်တောင်ပိုင်း ကျေးရွာများသို့ စစ်ကြောင်းထိုးစဥ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခိုးယူလုယက်ထားသည့် ဆိုင်ကယ်များဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်များကို ယမန်နေ့ မနက်ပိုင်းက တာဟန်း ရဲစခန်း၊ မြို့မ ရဲစခန်း၊ ခရိုင် ရဲစခန်း စသည့် ရဲစခန်းများတွင် လျှော့စျေးဖြင့် ထုတ်ရောင်းချခဲ့ပြီး စုစုပေါင်း အစီးရေ ၁၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။

“စစ်သားတွေ ခိုးထားတဲ့ ဆိုင်ကယ်တွေ မနေ့က ရဲစခန်းတွေမှာ ရောင်းပေးနေပါတယ်။ ဆိုင်ကယ်အသစ်တွေလည်း အများကြီးပါတယ်။ တချို့လာဝယ်နေကြတဲ့သူတွေလည်း ရှိတယ်။ ပွဲစားနဲ့ ချိတ်ဆက်ပြီး ရောင်းတာလည်း တွေ့ရတယ်”ဟု ကလေးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ လျှော့ဈေးဖြင့် ထုတ်ရောင်းချပေးသည့် ဆိုင်ကယ်များတွင် 125၊ စူပါကပ်၊ ကင်ဘို၊ စကိုးဖီလ် စသည့် ဆိုင်ကယ်အမျိုးစားများဖြစ်ပြီး ၎င်းဆိုင်ကယ်များကို ခုနှစ်သိန်းထက်မပိုသည့် စျေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

ထိုဆိုင်ကယ်များတွင် မူလပိုင်ရှင် အမည်ပေါက် ပိုင်ဆိုင်မူ အများပြားပါဝင်နေပြီး ရဲတပ်ဖွဲ့ဝင်များက ၎င်းဆိုင်ကယ်များကို မိမိတို့ ပိုင်ဆိုင်ထားကြောင်းနှင့် ဝယ်ယူသူများအနေဖြင့် မစိုးရိမ်ကြရန်အတွက်လည်း ပြောဆိုခဲ့ကြသည်။

“ဆိုင်ကယ်အများစုက လိုင်စင်တွေရှိပြီးသားတွေဖြစ်တယ်။ ဘယ်သူဆိုင်ကယ်လည်းဆိုတာ နာမည်တွေရှိတယ်။ အဲ့ဒါကို ရဲတွေက သူတို့ဆိုင်ကယ်၊ သူတို့ပိုင်တယ်လို့ ပြောနေတယ်” ဟု ကလေးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကလေးမြို့တွင် ယခုလ ၂၀ ရက်နှင့် ၂၄ ရက်နေ့ကလည်း ကလေးမြို့ တာဟန်းရပ်ကွက်နှင့် စံပြရပ်ကွက်တို့တွင် ဆိုင်ကယ် ငါးစီးထက်မနည်း ပျောက်ဆုံးခဲ့သည်။

#ကလေးမြို့ #စစ်ကောင်စီတပ်ဖွဲ့ဝင် #ခိုးယူ #ဆိုင်ကယ်များ #လျှော့စျေးဖြင့်ထုတ်ရောင်း #Ayeyarwaddy_Times