
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၇ ရက်
ရှမ်းမြောက်၊ လားရှိုးမြို့ကို ယနေ့ စက်တင်ဘာ ၂၇ ရက်နေ့ နံနက်အစောပိုင်း ၃ နာရီ၃၀ မိနစ်ခန့်တွင် စစ်ကောင်စီက လေ ကြောင်းမှ ထပ်မံ၍ ဗုံးသုံးကြိမ်ကြဲချ၍ တိုက်ခိုက်ခဲ့ရာ လူနေ ရပ်ကွက်များပေါ်ကျရောက်၍ ပေါက်ကွဲခဲ့ကြောင်း သိ ရသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် လားရှိုးမြို့ ရပ်ကွက် (၁) ရှိ ပြည်သူ့ဆေးရုံအနီး မြို့မဈေးအပါအဝင် နယ်မြေ ၈ ရှိ လူနေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲသဖြင့် လူသေဆုံးမှုများရှိကြောင်း ဒေသခံများထံက သိရသည်။
“အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား စုစုပေါင်း နှစ် ဦးသေ တယ်။ ကိုယ်ဝန်ဆောင်အပါ ဒဏ်ရာရသူ အတော်များ တယ်။ သုံးကြိမ်မြောက်ကြဲတဲ့အချိန်မှာ ရပ်ကွက်ပေါ် ကျပြီး ထိခိုက်မှု များတာပါ။ သုံးကြိမ်အတွင်းမှာ ဗုံးအလုံးရေမနည်းဘူးကြဲတာ။ လူအိပ်ချိန်တွေကြီး လာလာကြဲနေတာ”ဟု လားရှိုးဒေသခံတစ်ဦးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။
စစ်ခေါင်းဆောင်က တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ(EROs)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) များကို လက်နက်ကိုင်အကြမ်းဖက်သည့်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန်အတွက် ဖိတ်ခေါ်ကြောင်း ယမန်နေ့ စက်တင်ဘာ ၂၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီးနောက် နာရီပိုင်းအတွင်းပင် လားရှိုး မြို့ရှိ လူနေရပ်ကွက်များပေါ်သို့ ဗုံးများ ထပ်မံကြဲချ၍ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၁ ရက်နေ့တွင် စစ်ကောင်စီက လားရှိုးမြို့ပေါ်ကို ဗုံးကြဲချတိုက်ခိုက်ခဲ့ပြီး၊ ၂၄ ရက်နေ့ကလည်း ၂ ရပ်ကွက်ရှိ လူနေအိမ်များ ပေါ်သို့ ဗုံးကြဲချတိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသမီး တဦးသေဆုံးပြီး ၁၅ ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၂၅ ရက်နေ့ကလည်း ထပ်မံကြဲချတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
ပုံစာ-စက်တင်ဘာ ၂၇ ရက် လားရှိုးမြို့ပေါ်ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်စဉ်
#ရှမ်းမြောက် #လားရှိုး #စစ်ကောင်စီ #ဗုံးကြဲ #ပြည်သူသေဆုံး #ထိခိုက်ဒဏ်ရာရ #Ayeyarwaddy_Times