
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၇ ရက်
သီတင်းနှစ်ပတ်ကျော်ကြာမြင့်တက်နေသော စစ်တောင်းမြစ်ရေသည် လာမည့် ၃၆ နာရီအတွင်း တောင်ငူမြို့တွင် စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းမည်ဖြစ်ပြီး မဒေါက်မြို့တွင် စိုးရိမ် ရေမှတ်အထက် ဆက်လက်တည်ရှိမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ယနေ့ စက်တင်ဘာ ၂၇ ရက်နေ့ နေလယ်ပိုင်းတွင်ထုတ်ပြန်သည်။
စစ်တောင်းမြစ်ရေ၏ တောင်ငူမြို့စိုးရိမ်ရေမှတ်မှာ ၆၀၀ စင်တီမီတာ ( ၁၉ ဒသမ ၆၉ ပေ) ဖြစ်ပြီး လက်ရှိတွင် ၆၂၀ စင်တီမီတာ ( ၂၀ ဒသမ ၃၄ ပေ) ရောက်ရှိနေကာ ၃၆ နာရီအတွင်း ၂၀ စင်တီမီတာကျဆင်းမည်ဖြစ်၍ စိုးရိမ်ရေမှတ်အောက်လျော့ကျမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။
ထို့ကြောင့် စစ်တောင်းမြစ်ရေသည် လာမည့် ၁ ရက်အတွင်း မဒေါက်မြို့တွင် စိုးရိမ်ရေမှတ် အထက် ဆက်လက်တည်ရှိမည်ဖြစ်ကြောင်းသိရသည်။
စစ်တောင်းမြစ်ရေ၏ မဒေါက်မြို့စိုးရိမ်ရေမှတ်မှာ ၁၀၇၀ စင်တီမီတာ ( ၃၅ ဒသမ ၁၀ ပေ) ဖြစ်ပြီး လက်ရှိတွင် ၁၁၃၁ စင်တီမီတာ ( ၃၇ ဒသမ ၁၁ ပေ) ရှိကာ နှစ်ပေခန့်ကျော်လွန်ရောက်ရှိနေ၍ ၁ ရက်အတွင်း ၁၈ စင်တီမီတာ ကျဆင်းသော်လည်း စိုးရိမ်ရေမှတ်ဆက်လက်တည်ရှိမည်ဖြစ်ကြောင်း မိုး/ဇလ၏ ထုတ်ပြန်ချက်တွင်ပါဝင်သည်။
လက်ရှိတွင် တောင်ငူမြို့ရှိ ရေကျသွားသည့်နေရာများမှ ရေဘေးကယ်ဆယ်ရေးစခန်းအချို့ ပိတ်သိမ်းလိုက်၍ ဒေသခံများနေအိမ်ပြန်ကာ အိမ်သန့်ရှင်းရေးပြုလုပ်နေပြီး အချို့နေရာများတွင် ရေကျန်နေသဖြင့် ရေဘေးရှောင်စခန်းတွင် နေထိုင်နေရကြောင်း လူမှုကူညီရေးအသင်းများထံက သိရသည်။
စက်တင်ဘာလ ၁၄ ရက်နေ့ကနေ စက်တင်ဘာလ ၂၂ ရက်နေ့အထိ တစ်ပတ်ကျော်အတွင်း တောင်ငူခရိုင်မှာရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း ၇၅ ရွာ ရေနစ်မြှုပ်ကာ လူဦးရေ ၁၄၈,၅၀၀ ဦး ရေဘေးဒဏ်သင့်၊ စာသင်ကျောင်းတစ်ခု ပျက်စီးပြီးလူ ၇ ဦး သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး( KNU) က ထုတ်ပြန်သည်။
တောင်တရုတ်ပင်လယ်တွင်ဖြစ်ပေါ်သော တိုင်ဖွန်းမုန်တိုင်း ယာဂီအကြွင်းအကျန်လေပွေလှိုင်းများ ကြောင့် မြန်မာနိုင်ငံအနှံအပြားတွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် မြစ်များရေလျှံကာ စက်တင် ဘာလတွင် ဒုတိယအကြိမ် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်။
ဓာတ်ပုံ – မိုး/ဇလ ၊ Save the threes rescue
#စစ်တောင်းမြစ်ရေ #တောင်ငူ #ပြန်လည်ကျဆင်း #မဒေါက်မြို့ #စိုးရိမ်ရေမှတ်အထက် #Ayeyarwaddy_Times