ဧရာဝတီတိုင်းမ်
(လွိုင်ကော်)၊ စက်တင်ဘာ ၂၇ ရက်

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် ယနေ့စက်တင်ဘာလ ၂၇ ရက်နေ့အထိ ဘီလူးချောင်းရေ ဆက်လက်မြင့်တက်နေသည့်အတွက် လွိုက်ကော်မြို့ပေါ်ရပ်ကွက်အများစုမှာ ပိုမိုရေနေမြုပ်မှုများ ဖြစ်ပွားနေကြောင်း သိရသည်။

ယခုအခါ လွိုင်ကော်မြို့ကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး ပြင်ပမှလာသည့် ရေဘေးအကူ အညီများအပြင် မြို့ထဲရှိ ကယ်ဆယ်ကူညီရေးလုပ်ငန်းများဆောင်ရွက်နေသူများကိုလည်း တားမြစ် ကန့်သတ်မှုများလုပ်ဆောင်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သရုပ်ဆောင်ခိုင်နှင်းဝေသည် လွိုင်ကော်ရေဘေးသို့ ငွေကျပ်သိန်း ၅၀၀၀ လာရောက်လှူဒါန်းခဲ့ပြီး ၎င်းကူညီမှုအများစုမှာလည်း စစ်ကောင်စီနှင့် ပတ်သက်မှု ရှိသူများသာ ရရှိခဲ့ကြောင်း သိရသည်။

“ဆက်တိုက်တော့ ရေဆက်တက်နေတယ်ဆို‌တာ သိရတယ်ပေါ့နော်။ ဘာအခက်အခဲ ဘာအကူအညီ လိုတယ်ဆိုတာတော့ပြောရခက်တယ်။ လွိုင်ကော်ကို စစ်ကောင်စီနဲ့ပနံသင့်တဲ့ လူတွေကတော့သွားပြီး ကူတာတေွရှိတယ်။ တချို့ဆို သိန်းနဲ့သောင်းနဲ့ချီပြီးကူတာရှိတယ်။ လွိုင်ကော်မြို့ပေါ်မှာရှိတဲ့ လူဦးရေနဲ့ အဲ့ဒီလောက်ငွေကြေးနဲ့ဆိုကာမိပြီးသားပဲ။ ဒါပေမဲ့အခုချိန်ထိ ပြဿနာတွေရှိတယ်ကြားရတယ်။ ပြီးတော့ ဒီပိုက်ဆံတွေကလည်း စစ်ကောင်စီနဲ့ပတ်သက်တဲ့ လူတွေလက်ထဲပဲသွားပေးလိုက်တော့ အကုန်လုံးက တကယ့်ကို လိုအပ်တဲ့လူတွေလက်ထဲကို ရောက်ဖို့အတွက် ခက်တယ်” ဟု ကရင်နီ ပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) အတွင်းရေးမှူး-၂ ဗညားခွန်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီဘက်ကမူ လွိုင်ကော်ရေဘေးကူညီကယ်ဆယ်‌ေရးလုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့ အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်နေကာ လှူဒါန်းသည့် ထောက်ပံ့ရေးပစ္စည်းများကိုလည်း လိုအပ်သူ များထံ ပေးပို့လျက်ရှိကြောင်း ၎င်းတို့လက်ဝေခံ သတင်းမီဒီယာများတွင် ဖော်ပြထားကြသည်။

လွိုင်ကော်မြို့ ဒေသခံအများစုမှာ ဘုန်းကြီးကျောင်းများတွင် ရေဘေးရှောင်နေကြရပြီး သောက်ရေသန့်နှင့် ဆေးဝါးများ အရေးပေါ်လိုအပ်မှုများရှိနေကြောင်းလည်း ကယ်ဆယ်ရေးအကူ အညီများ ပေးနေသူများထံက သိရသည်။

လွိုင်ကော်မြို့တွင် ဘီလူးချောင်းရေမြင့်တက်မှုကြောင့် ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်နေ့မှစတင်ကာ ယနေ့အထိ ရသတ္တပတ် နှစ်ပတ်ကြာ ရေကြီးရေလျှံမှုဖြစ်ပွားနေပြီး ရှမ်းပိုင်း၊ မင်းစု၊ ဒေါနိုးကူ၊ နမ့်ကွတ်၊ ရွှေတောင်၊ ဓမ္မာရုံရပ်ကွက် စသည့်ရပ်ကွက် ၁၀ခု ကျော်မှာ ရေနစ်မြုပ်မှု ဖြစ်ပွား နေကြောင်းသိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#လွိုင်ကော် #ရေဘေး #ရေကြီးရေလျှံ #အကူအညီလိုအပ် #ဘီလူးချောင်း #Ayeyarwaddy_Times