
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၇ ရက်
ဧရာ၀တီတိုင်းအတွင်းရှိ မြို့နယ်များတွင် စက်တင်ဘာလ ၁၃ ရက်နေ့မှစတင်ပြီး လိုင်စင်မဲ့ဆိုင်ကယ်များကို ဖမ်းဆီးခြင်းစီမံချက်စတင်ခဲ့ရာ လက်ရှိတွင် ငွေအဆမတန် တောင်းခံခြင်းများ ပြုလုပ်နေကြောင်း သိရှိရသည်။
တိုင်းအတွင်းရှိ မြို့အ၀င်ဂိတ်များ ၊ လမ်းဆုံများတွင် စစ်ကောင်စီတပ်၊ ရဲ၊ယာဥ်ထိန်းနှင့် ပြည်သူ့စစ်များက ဆိုင်ကယ်များကို စစ်ဆေးနေပြီး အချက်အလက်မပြည့်စုံပါက သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ကာငွေတောင်းခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
“ပုသိမ်၊မြောင်းမြ၊ ကန်ကြီးထောင့် လမ်းဆုံ နေရာက အဆိုးဆုံး ယာဥ်ထိန်းထက်ဆိုးတယ်။ လမ်းမှာစောင့်တဲ့ရဲနဲ့စစ်သားတွေက ဆိုင်ကယ်အသိမ်းခံမလား ၊ငွေပေးမလား၊ အဲ့ပုံစံဖြစ်နေပြီ။ တစ်ချိုဆိုသိန်းချီပေးခဲ့ရတာတွေရှိတယ် “ဟု ပုသိမ်မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ကျေးရွာများတွင်လည်း အုပ်ချုပ်ရေး အဖွဲ့များနှင့် ပြည့်သူစစ်များကပါ ဆိုင်ကယ်ဖမ်းဆီးရေးခေါင်းစဥ်ဖြင့် လိုက်လံဖမ်းဆီးကာ ဆိုင်ကယ်များကိုသိမ်းဆည်းခြင်း ၊ ငွေတောင်းယူခြင်းများပြုလုပ်နေကြောင်း သိရှိရသည်။
“ရွာမှာက ထင်းတိုက်၊ ကောက်ရိုးတိုက်တဲ့ ဆိုင်ကယ်တွေပါ လိုက်ဖမ်းလို့ အိမ်ထဲထည့်ထားရတယ်။ ဟိုရက်ကဆို ဆိုင်ကယ်ရောလူရော ဖမ်းသွားလို့ လူကို ဆယ်သိန်းနဲ့ ပြန်ထုတ်လာရတယ်”ဟု ငပုတောမြို့ဒေသခံတစ်ဦးမှပြောသည်။
သာပေါင်းမြို့နယ်တွင်လည်း စက်တင်ဘာ ၁၇ ရက်နေ့က မြို့ပြင်ရှိ တောနက်ကြီးဘုရားတွင် စတုဒီသာလှူဒါန်းမှုကို ဆိုင်ကယ်ဖြင့်လာရောက်သူများကို စောင့်ဆိုင်းဖမ်းဆီးခဲ့ပြီး ငွေမပေးနိုင်သောဆိုင်ကယ်အချို့ကို သိမ်းဆည်းသွားကြောင်း ဒေသခံများကပြောသည်။
ဧရာ၀တီတိုင်းရှိ ကညန ရုံးများတွင် လိုင်စင်လျှောက်ထားခွင့်များပိတ်ထားသည့်အပြင် ဆိုင်ကယ်ရောင်းချသောဆိုင်များတွင် လိုင်စင်မဲ့ဆိုင်ကယ်များရောင်းချနေသည်ကို ဖမ်းဆီးခြင်းမရှိပဲ ပြည်သူများကိုသာ အဓိထားဖမ်းဆီးငွေညှစ်နေခြင်းဖြစ်သည်။ ထို့အပြင် စစ်ကောင်စီတပ်၊ ရဲနှင့် အုပ်ချုပ်ရေးပိုင်းမှ အများစုသည် လိုင်စင်မဲ့ဆိုင်ကယ်များစီးနင်းနေသော်လည်း ပြည်သူများကို ပစ်မှတ်ထားဖမ်းဆီးနေသည့်အတွက် ဝေဖန်မှုများလည်း ရှိနေသည်။
#ဧရာ၀တီတိုင်း #လိုင်စင်မဲ့ဆိုင်ကယ် #ဖမ်းဆီးရေးစီမံချက် #အကြောင်းပြ #ငွေတောင်းမှုများပြုလုပ် #Ayeyarwaddy_Times