
အယိုက်လင်း/ ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၇ ရက်
ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့ မနက်ပိုင်းက မြို့တွင်းပစ်ခတ်မှု အနည်းငယ်ဖြစ်ပွားပြီးနောက် စစ်ဘေးရှောင်နေအိမ်များ မီးလောင်ပြာကျသွားကြောင်း ဒေသခံများထံက သိရှိရသည်။
ယမန်နေ့ မနက်ပိုင်းတွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်(မင်းတပ်)တို့ အရှေ့ပြင်ရပ်ကွက်နှင့် MPT ရုံးရှေ့တွင် ပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရမ်းသမ်းပစ်ခတ်မူကြောင့် နေအိမ်များ မီးလောင်ကျွမ်းခြင်းဖြစ်သည်။
“နှစ်ဖက်ပစ်ခတ်သံ ကြားလိုက်ရတာက ခဏလေးပါဘဲ။ အဲ့ဒီ ပစ်ခတ်သံ ငြိမ်ပြီးမှ မွန်းလွဲ တစ်နာရီလောက်မှာ မီးစလောင်တယ်။ မီးကတော့ စစ်သားတွေ လက်နက်ကြီးကျည် ရမ်းသမ်းပစ်လို့ မီးလောင်တာဖြစ်နိုင်သလို တမင်မီးရှို့တာလည်းဖြစ်နိုင်တယ်။ ရပ်ကွက်ထဲလူမရှိတော့ မီးငြိမ်းပေးမဲ့လူလည်းမရှိဘူး” ဟု မင်းတပ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ မီးလောင်မူကြောင့် စစ်ဘေးရှောင်နေအိမ် (၁၀) လုံးထက်မနည်း မီးလောင်ပြာကျသွားသလို မင်းတပ်ဇာတိ ရဲတပ်ဖွဲ့ဝင် နှစ်ဦး၏ နေအိမ်နှစ်လုံးလည်း မီးလောင်ပြာကျသွားကြောင်း သိရှိရသည်။
ထို့အပြင် ဖြစ်ပွားသည့် တိုက်ပွဲတွင် ရဲတပ်ဖွဲ့ရုံးကို CDF-Mindat က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ဒေသခံများထံက သိရှိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ရက်နေ့ကလည်း မင်းတပ်မြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ ၂၇၄ တပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် စိုက်ပျိုးရေးရုံးအနီးတဝိုက်တွင် ကျရောက်ပေါက်ကွဲ၍ နေအိမ် လေးလုံးထက်မနည်း မီးလောက်ပျက်စီးသွားကြောင်း သိရှိရသည်။
စစ်ကောင်စီက ယခုလတွင်း မင်းတပ်မြို့ရှိ နေအိမ်များကို ငါးကြိမ်ထက်မည်း မီးရှို့ပြီး အရပ်သား နေအိမ် ၃၀ ထက်မနည်း မီးလောင်ပြာကျခဲ့ရသည်။
ထို့အပြင် စစ်ကောင်စီကမြို့တွင်းအနီးတဝိုက်တွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်သည့်အတွက် နေအိမ်နှင့် အဆောက်အဦးအချို့လည်း ပျက်စီးသွားခဲ့ရသည်။
#မင်းတပ်မြို့ #ပစ်ခတ်မှုဖြစ်ပွား #စစ်ဘေးရှောင်နေအိမ် #မီးလောင်ပျက်စီး #Ayeyarwaddy_Times