ဧရာ၀တီတိုင်းမ်
စက်တင်ဘာ ၂၇ ရက်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဒီကနေ့ညပိုင်းကျင်းပခဲ့တဲ့ ONE Friday Fights 81 ပြိုင်ပွဲမှာ မြန်မာ လက်ဝှေ့ကျော် သန့်ဇင်ဟာ ဂျပန်ထိပ်တန်းကစ်ဘောက်ဆင်ဖိုက်တာ တာခဲ့ရုကို အလဲထိုးနဲ့ ရှုံးနိမ့်ခဲ့ကြောင်း သိရပါတယ်။

ဂျပန်ကစ်ဘောက်ဆစ်ချန်ပီယံ တာခဲရုဟာ ဂျပန်နိုင်ငံရဲ့ထင်ရှားကျော်ကြားတဲ့ ဖိုက်တာစ်ဦးဖြစ်သလို မွေ့ထိုင်း ချန်ပီယံ စူပါလက်ခ်ကို အခက်တွေ့အောင် ထိုးနှက်နိုင်ခဲ့တဲ့ မာဂုဏ်မြင့်တဲ့ဖိုက်တာတစ်ဦး ဖြစ်ပါတယ်။

ဒီကနေ့ပွဲမှာ သန့်ဇင်ဟာ သူ့ထက် အတွေ့အကြုံ ဖြတ်သန်းမှုနဲ့ အရည်အသွေးမြင့်မားတဲ့ တာခဲရုကို ပထမအချီမှာ ကောင်းမွန်စွာ တုန့်ပြန်ကစားနိုင်ခဲ့ပါတယ်။ သန့်ဇင်ရဲ့လက်သီးချက်တွေ တာခဲရု မျက်နှာကို ထိမှန်ခဲ့လို့ လဲကျခဲ့ပြီး ဒိုင်လူကြီးက အမှတ်စဉ်တစ်ကြိမ် ရေတွက်ခဲ့ပါတယ်။

သန့်ဇင်ဟာ ပထမအချီမှာ ဂျပန် K1 ကစ်ဘောက်ဆင်ချန်ပီယံ ၇ ကြိမ်ဖြစ်ခဲ့တဲ့ တာခဲရုကို အသာရအောင် ထိုးနိုင်ခဲ့ပါတယ်။ မာဂုဏ်မြင့်မားလွန်းတဲ့ တာခဲရုဟာ ဒုတိယအချီမှာ သူအားသန်တဲ့ ပါဝါလက်သီးချက်တွေနဲ့ သန့်ဇင်ကို ဖြိုလှဲဖို့ ကြိုးစားခဲ့ပါတယ်။

တာခဲရုဟာ ဒုတိယအချီမှာ သန့်ဇင်ရဲ့လက်သီးချက်နဲ့ ခြေကန်ချက်တွေကို သတိထားကစားရင်း ဘယ်ထောက်၊ ညာဝိုက်လက်သီးတွေနဲ့ သန့်ဇင်ကို ထိုးနှက်ခဲ့ပါတယ်။ သန့်ဇင်ကလည်း တန်ပြန်တိုက်စစ်နဲ့ တာခဲရုကို ခုခံ ကကစားခဲ့ပေမယ့် တာခဲရုရဲ့ပါဝါလက်သီးချက်တွေကြောင့် သက်လုံနဲ့ ခံနိုင်ရည်အား ကျဆင်းလာခဲ့ပါတယ်။

ဒုတိယအချီ ၁ မိနစ်အတွင်းမှာဘဲ တာခဲရုဟာ သန့်ဇင်မျက်နှာကို ထိထိမိမိထိုးနိုင်ခဲ့လို့ သန့်ဇင် မူးဝေသွားခဲ့ပါတယ်။ ဒီအခြေအနေကို တာခဲရုက အကောင်းဆုံး အသုံးချကာ သန့်ဇင်ကို တရစပ် ထိုးနှက်ခဲ့တဲ့အတွက် သန့်ဇင်လဲကျ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီကနေ့ပွဲစဉ်ရလဒ်ကြောင့် သန့်ဇင်ဟာ ONE Championship မှာ ၃ ပွဲထိုး ၂ ပွဲနိုင် ၁ ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။

#Ayeyarwaddy_Times #သန့်ဇင် #တာခဲရု #ရိုးရာလက်ဝှေ့ #ONEChampionship