
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၆ ရက်
စစ်ကောင်စီ၏ ကိုးကွယ်ခံ သီတဂူဆရာတော် ဒေါက်တာဉာဏိဿရက ရေဘေးသင့် ပြည်သူများအတွက်ဟုဆိုကာ ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းထံ ဒေါ်လာ ၁၀၀၀၀ လှူဒါန်းခဲ့ကြောင်း သိရသည်။
မုန်တိုင်းအရှိန်ကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွား၍ ရေဘေးသင့် ပြည်သူများအတွက်ဟုဆိုကာ သီတဂူဆရာတော်က အမေရိကန်ဒေါ်လာ ၁၀၀၀၀ ကို ပြီးခဲ့သည့် စက်တင်ဘာ ၂၄ ရက်နေ့တွင် ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းထံ လှူဒါန်းခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် သတင်းစာများတွင် ဖော်ပြခဲ့သည်။
ယင်းဒေါ်လာများသည် သီတဂူဆရာတော်ကို ပြည်သူများ လှူဒါန်းထားသော ငွေကြေးဖြစ်နိုင်ပြီး သို့တည်းမဟုတ် စစ်အုပ်စုဆီက ရထားသည့်ငွေဖြင့် ပြန်လှူပါကလည်း သူခိုးလက်က သူဝှက်လု၍ ပြန်မျက်နှာ လုပ်ခြင်းဖြစ်ကြောင်း နွေဦးတော်လှန်ရေး သံဃကွန်ရက်မှ ဆရာတော် ဦးဝါယမက မိန့်သည်။
“သူများတွေ လှူဒါန်းနေတဲ့ အချိန်မှာ ငါမလှူလို့ မဖြစ်ဘူး၊ ကျန်တဲ့ ရဟန်းသံဃာတွေလည်း လှူဒါန်းနေတယ် ငါလည်း လှူဒါန်းမှဖြစ်မယ်ဆိုတဲ့ လုပ်ရပ်မျိုးပါ” ဟု ဆရာတော် ဦးဝါယမက ဧရာဝတီတိုင်းမ်ကို မိန့်ကြားသည်။
ထို့အတူ ရေဘေးသင့် ဒေသများအတွက် မြန်မာပြည်ရှိ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်များအပါအဝင် အလှူရှင်များကလည်း ငွေကျပ် ၃၂ ဒသမ ၂ ဘီလီယံကျော် စစ်ကောင်စီထံ လှူဒါန်းခဲ့ပြီး ယင်းပမာဏသည် မျှော်မှန်းသည်ထက် အလွန်များသည်ဟု စစ်ခေါင်းဆောင်က ပြောဆိုထားသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီနောက် နိုင်ငံတကာနှင့် ပြည်တွင်း/ပြည်ပ အလှူရှင်များ၊ ပရဟိတအဖွဲ့များကို ကန့်သတ်ပိတ်ပင်ထားပြီး လက်ရှိတွင်လည်း ရေဘေးအတွက် ကြိုတင်ပြင်ဆင်မှု မရှိသလောက် နည်းပါးကာ ထိရောက်စွာ ကူညီပေးမှု မရှိဘဲ ပြည်သူအချင်းချင်း ကူညီလုပ်ဆောင်နေရကြောင်း သိရသည်။
“ဒီလှူဒါန်းလိုက်တဲ့ ဒေါ်လာတစ်သောင်းကလည်း ပြည်သူလူထုဆီ လုံးဝရောက်မှာ မဟုတ်ဘူး။ စစ်အုပ်စုကပဲ အမျိုးမျိုးလှည့်ပြီး ယူထားလိုက်မှာပဲ။ နာဂစ်တုန်းက နိုင်ငံတကာ လှူတာတွေကို သူတို့တွေက အပြင်မှာ ရောင်းစားခဲ့တယ်” ဟု ဆရာတော် ဦးဝါယမက မိန့်သည်။
သီတဂူဆရာတော် ဒေါက်တာဉာဏိဿရသည် ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့က ပဲခူးမြို့ ဝင်းနိမ္မတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသအား စစ်ကောင်စီတပ်က ပစ်သတ်ခဲ့သည်ကို သည်းခံခွင့်လွှတ်ပေးရန် သံဃာများကို မိန့်ကြားခဲ့ခြင်းကြောင့် လူမှုကွန်ရက်တွင် ဝေဖန်မှုပြောဆိုခြင်းများ ခံခဲ့ရသည်။
မြန်မာနိုင်ငံတွင် ရေကြီးပြီးနောက် ပဲခူး၊ ကရင်နီ၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ နေပြည်တော်၊ ရခိုင်၊ စစ်ကိုင်း၊ ရှမ်းအရှေ့ပိုင်းနှင့် တောင်ပိုင်း စသည်တို့၌ ရေဘေးသင့်ပြည်သူ ခန့်မှန်းလူဦးရေ ၈၈၇,၀၀၀ ခန့်ရှိပြီး လူ ၃၀၀ ကျော် သေဆုံးခဲ့ကြောင်း UNOCHA Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီကမူ ရေကြီးရေလျှံမှုကြောင့် လူဦးရေ ၁ သိန်း ၄ သောင်းကျော် ရေဘေးဒုက္ခရောက်၍ ယမန်နေ့ နံနက်ပိုင်းအထိ စာရင်းများအရ လူ ၄၁၉ ဦး သေဆုံးကာ ကျောင်း၊ လမ်းတံတားနှင့် လျှပ်စစ်မီးတိုင် စသည့်တို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – စစ်ကောင်စီ
#စစ်ကောင်စီကိုးကွယ်ခံ #သီတဂူဆရာတော် #ရေဘေး #ဒုစစ်ခေါင်းဆောင် #ဒေါ်လာ၁၀၀၀၀လှူ #Ayeyarwaddy_Times