ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၆ ရက်

မကွေးတိုင်း ဆောမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းများတွင် တောင်ကျချောင်းရေ ရုတ်တရက် စီးဆင်းလာပြီး ရေကြီးရေလျှံမှုကြောင့် စစ်ရှောင်သားအမိနှစ်ဦး မျောပါသွားကြောင်း သိရသည်။

ယမန်နေ့ စက်တင်ဘာ ၂၅ ရက်နေ့ ညနေပိုင်းမှစတင် ပြီး တောင်ကျချောင်းရေများ စီးဆင်းလာပြီး စစ်ရှောင်နေရာများတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ကာ အမြင့်ပေ ၆ ပေနီးပါးအထိ ရေမြင့်တက်ခဲ့ ကြောင်း စစ်ဘေးရှောင်များကို ကူညီနေသူထံက သိရသည်။

“မိုးသည်းထန်ပြီးရွာ ရေမြုပ်တာမဟုတ်ဘဲ အပေါ် ပိုင်းကနေပြီး တောင်ကျချောင်းရေတွေ ကျလာတာ။ ရေက ၆ ပေအထိတက်လာတာ။ စစ်ရှောင် သားမိနှစ်ဦး ရေနဲ့မျောသွားတယ်။ ကလေးရုပ် အလောင်းတော့ ပြန်ရပြီ။ စစ်ဘေးသင့်လို့ စစ်ရှောင်နေရတဲ့သူတွေ ရေဘေးပါ ထပ်ကြုံရတော့ ပြောစရာကိုမရှိတော့ဘူး “ဟု ဆောမြို့နယ်ရှိ စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စက်တင်ဘာ ၂၅ ရက်နေ့က ရေနှင့်မျောပါသွားသည့် သားမိနှစ်ဦးသည် ယောနယ်ဘက်မှဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုများကြောင့် စစ်ဘေးရှောင်ရောက်ရှိလာခြင်းဖြစ်ကာ သားဖြစ်သူမှာ အသက် ၃ နှစ်အရွယ်ဖြစ်ကြောင်း သိရသည်။

ဆောမြို့အတွင်းရှိ စစ်ဘေးရှောင်စခန်းများဖြစ်သည့် တောင်ဇလပ်စခန်း၊ ရွှေဆည်းဆာစခန်း၊ မြိုင်ရိပ်ဝေ စခန်းတို့မှာ ရေနစ်မြုပ်သွားသည့်အတွက် အရေးပေါ်ပြောင်းရွှေ့ခဲ့ရပြီး စစ်ဘေးရှောင် ၃၀၀ ခန့် ရေဘေး သင့်ကာ အကူအညီများလိုအပ်နေကြောင်း သိရသည်။

ပုံစာ- စက်တင်ဘာ ၂၅ ညနေပိုင်းက ဆောမြို့ရှိ စစ်ရှောင်စခန်းတွင်ရေကြီးနစ်မြုပ်စဉ်

#မကွေး #ဆော #စစ်ရှောင်စခန်း #ရေကြီးနစ်မြုပ် #၂ဦးမျောပါ #သေဆုံး #Ayeyarwaddy_Times