ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၆ရက်

ရခိုင်ပြည်နယ်၊ သံတွဲမြို့ပေါ်ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်ရှောင်ပြည်သူ ၁၄ဦး သေဆုံးပြီး ၂၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ယနေ့ စက်တင်ဘာ ၂၆ရက် နံနက် ၇နာရီ၄၀မိနစ်တွင် ဂျက်ဖိုက်တာဖြင့် သံတွဲမြို့ပေါ်ရှိ မြို့နယ်ခန်းမနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးတို့ကို ဗုံးကြဲချ တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

ဗုံးကြဲချခံရသည့်နေရာတွင် စစ်ရှောင်များနေထိုင်နေသည့်အတွက် ကလေးအပါအဝင် သက်ကြီးပိုင်းများ အထိ သေဆုံး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“စစ်ရှောင်တွေ ခိုလှုံနေတဲ့နေရာကို ကျတယ်ပြောတယ်။ နယ်ဘက်က စစ်ရှောင်တွေက အခုထိ မပြန်နိုင်ကြသေးဘူး။ အိမ်တွေလည်း မရှိတော့ဘူးလေ။ တိုက်ပွဲအတွင်း ဗုံးကြဲခံရလို့ကုန်ပြီ။ အခုထိတာက စစ်ရှောင်တွေများတယ်လို့ သိရပါတယ်” ဟု သံတွဲဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် စက်တင်ဘာ ၅ရက်နေ့က သံတွဲမြို့နယ်တစ်ခုလုံးကို အလုံးစုံ စွန့်လွှတ်လိုက်ရပြီးနောက် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားပြည်သူနေထိုင်ရာကို ပစ်မှတ်ထား တိုက်ခိုက်လာခြင်းဖြစ်သည်။

“သံတွဲတော့သွားပါပြီ။ ဒဏ်ရာပြင်းထန်တဲ့သူတွေလဲ ဘယ်လိုဆေးကုသမှု ရမလဲ။ ရက်စက်လိုက် ကြတာ။ လုပ်ရက်လိုက်ကြတာ” ဟု သံတွဲဒေသခံကပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၂ရက်နေ့ကလည်း သံတွဲမြို့နယ် ပေါက်တူးကျေးရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးများဖြင့် ကြဲချတိုက်ခိုက်ခဲ့သည့်အတွက် ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ထို့အပြင် ယမန်နေ့ စက်တင်ဘာ ၂၅ရက်နေ့ကလည်း အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ် မြေဖြစ်သည့် မြေပုံမြို့နယ်မှ ကမ်းထောင်းကြီးမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် လူသေဆုံးပြီး အပြင်းအထန်ထိခိုက်ရရှိသူ အများအပြားရှိခဲ့သည်။

စစ်ကောင်စီက ပြည်သူကို ရန်လိုကာ အကြမ်းဖက်နှင့် ပူးပေါင်းလျှင်အကြမ်းဖက်ဟုယူဆ၍ လက်လွှတ် လိုက်ရသည့်နယ်မြေများကို ဗုံးကြဲမည်ဖြစ်ကြောင်း ရက်စက်သည့်လုပ်ရပ်ကို တရားဝင်ထုတ်ဖော် ပြောကြားကာ ယခုကဲ့သို့ ဗုံးကြဲမှုများလုပ်ဆောင်နေခြင်း ဖြစ်သည်။

ပုံစာ- ယနေ့ စက်တင်ဘာ ၂၆ရက် နံနက်ပိုင်းတွင် စစ်ကောင်စီက သံတွဲကို ဗုံးကြဲခဲ့သည့်မြင်ကွင်း

#သံတွဲ #စစ်ကောင်စီ #ဗုံးကြဲ #စစ်ရှောင်များ #သေဆုံးဒဏ်ရာရ #Ayeyarwaddy_Times

အပြည့်အစုံကို Telegram Channel တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Telegram – https://t.me/ayeyarwaddytimes/31406