
အယိုက်လင်း/ ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၆ ရက်
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ ကုလသမဂ္ဂဒုက္ခသည် (UNHCR) ရုံးရှေ့တွင် CDM ဝန်ထမ်းများနှင့် ချင်းဒုက္ခသည်များက ယနေ့ စက်တင်ဘာလ ၂၆ ရက်နေ့၊ မနက် ၁၀ နာရီအချိန်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒပြပွဲကို ချင်းဒုက္ခသည်မဟာမိတ်အဖွဲ့ (ACR)မှ ဦးဆောင်ပြီး မလေးရှားရောက် CDM ဝန်ထမ်းများနှင့် ချင်းဒုက္ခသည် သုံးရာကျော်ခန့်က UNHCR က ကာကွယ်ပေးခြင်းမရှိပဲ လျစ်လျူရှူထားသည့်အတွက် ဆန္ဒပြသူများကဆိုသည်။
ချင်းဒုက္ခသည်များသည် UNHCR ကဒ်မရှိခြင်းကြောင့် ဆေးဝါးကုသခွင့်မရရှိနိုင်ခြင်း၊ မိဘမဲ့ကလေးများနှင့် သက်ကြီးရွယ်အိုများအတွက် မှတ်ပုံတင်ပေးရန် ပျက်ကွက်ခြင်းနှင့် ၂၀၁၇ ခုနှစ်နှင့်၂၀၁၈ခုနှစ်တွက် မတရား UN ကဒ် အသိမ်းခံရသည့် ချင်းဒုက္ခသည်များကို UNHCR ရုံးရှေ့တွင် လုံခြုံရေးအရာရှိများက မောင်းထုတ်ခဲ့ခြင်းတို့ကြောင့် ဆန္ဒပြတောင်းဆိုခြင်းဖြစ်သည်။
ချင်းဒုက္ခသည်များကို ကြမ်းတမ်းစွာဆက်ဆံခြင်းမပြုရန်၊ ဒုက္ခသည်များကို ကောင်းမွန်စွာဆက်ဆံရန်၊ ဆေးဖက်ဆိုင်ရာအရေးပေါ်အခြေနေများကို ချက်ခြင်းအကူညီပေးရန်၊ ၂၀၁၈ ခုနှစ်တွင်း UN ကဒ်အသိမ်းခံရသည့် ချင်းဒုက္ခသည်များကို UNHCR ရုံးသို့ တိုက်ရိုက်ဝင်ခွင့်ပြုရန်၊ မိဘမဲ့ကလေးများနှင့်သက်ကြီးရွယ်အိုတို့အတွက် လိုအပ်သည့်အကူညီများ UNHCRမှ ချက်ချင်းအကူညီပေးရန်နှင့် လုံခြုံရေးအစောင့်များအနေဖြင့် ဒုက္ခသည်ကိစ္စရပ်များကို ကိုင်တွယ်ခွင့်မပေးရန် စသည့် အချက်ခြောက်ချက်ကို ဆန္ဒပြသူများက တောင်းဆိုခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ ဒီနေ့ ဆန္ဒပြတောင်းဆိုချက်တွေကို UN ဘက်ကတော့ အထူးလေးထားပေးမယ်လို့ ပြောသွားပါတယ်”ဟု ချင်းဒုက္ခသည်မဟာမိတ်အဖွဲ့ (ACR) မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မလေးရှားတွင် တရားမဝင် ရောက်ရှိလာကြသည့် CDM နှင့် မြန်မာဒုက္ခသည်များကို မလေးရှားရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးကာ ပိုက်ဆံတောင်းသည့်အပြင် လူဝင်မှုကြီးကြပ်ရေးအဖွဲ့ကလည်း ဖမ်းဆီးပြီး ထောင်ဒဏ်ချမှတ်ကာ မြန်မာပြည်သို့ ပိုဆောင်ခြင်းများပြုလုပ်နေသည့်အတွက် UN စောင့်ရှောက်မှုလိုအပ်ကြောင်း ဆန္ဒပြတောင်းဆိုသူများက ဆိုသည်။
“ကျွန်တော်တို့ ဘာမှအထောက်ထားမရှိတဲ့သူတွေ လမ်းသွားလမ်းလာ ရဲတွေနဲ့တွေ့ရင် ငွေညစ်တာခံရတယ်။ သူတို့ တောင်းသလောက်မပေးရင် ဖမ်းမယ်။ အချုပ်ခန်းထဲ ထည့်မယ်ခြိမ်းခြောက်တယ်။ လဝကတွေ ဖမ်းရင်လည်း တရားမဝင်နေထိုင်မှုနဲ့ တရားစွဲတယ်။ ထောင်ချတယ်။မြန်မာပြည်အပို့ခံရတယ်။ အဲ့လိုအခက်ခဲတွေ ကြုံတွေ့နေရတယ်။ ပြီးတော့ ဖျားနာတယ်ဆိုလည်း ဆေးကုဖို့ ဆေးရုံတွေက လက်မခံဘူး။ အဲ့ဒီအတွက် ကျွန်တော်တို့က UN စောင့်ရှောက်မှုအမြန်လိုအပ်တယ်” ဟု ဆန္ဒပြပွဲတွင် ပါဝင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယမန်နေ့ စက်တင်ဘာလ ၂၅ ရက်နေ့ကလည်း ဆလန်ဂေါပြည်နယ်၊ ဆလန်းမြို့တွင် မြန်မာနိုင်ငံသားအပါအဝင် တရားမဝင် နိုင်ငံခြားသား ၂၈ ဦးဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း သိရသည်။
#မလေးရှား #UNရုံး #CDMဝန်ထမ်း #ချင်းဒုက္ခသည် #ဆန္ဒပြ
#Ayeyarwaddy_Times