
ဧရာဝတီတိုင်းမ်
(တနင်္သာရီ)၊ စက်တင်ဘာ ၂၆ ရက်
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်း ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်မှ စတင်ကာ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၂၂ ရက်အထိ ၁၉ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးပြီး ၄၀ ကျော်ထိခိုက် ဒဏ်ရာရခဲ့ ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်အတွင်းရှိ ခြောက်မိုင်ရွာ နှင့် ဘန်လောရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် အင်အား ၃၀၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်နှင့် စက်တင်ဘာ ၄ ရက်မှ စတင်ကာ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁) တို့တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခြင်း များလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
“တိုက်ပွဲက စက်တင်ဘာ ၄ ကစတာပါ။ လက်ရှိကတော့တိုက်ပွဲထပ်ဖြစ်မယ့်အခြေအနေရှိပါတယ်။ နှစ်ဖက်စစ်ရေးတင်းမာဆဲပါ” ဟု မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁) တာဝန်ရှိ သူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
၁၉ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ MA-2 သေနတ် တစ် လက်၊ MA-3 သေနတ် တစ် လက်၊ 60-MM ဗုံးသီး တစ် လုံး၊ ၄၀မမ ကျည်များအပါအဝင် ကျည်တောင့်များနှင့် ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့ ကြောင်းသိရသည်။
ထို့ပြင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ရဲဘော် တစ် ဦးကျဆုံးခဲ့ရပြီး ၁၁ ဦးထိခိုက်ဒါဏ်ရာရရှိခဲ့ ကြောင်းလည်းသိရသည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားနေစဉ် တနင်္သာရီမြို့ပေါ်ရှိ အရပ်သားများကိုဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ခြင်းများရှိပြီးလက်နက်ကြီးပစ်ခတ်မှုနှင့် ဒရုန်းဗုံးကြဲခြင်းတို့ကြောင့် ဘန်လောရွာ၊ ဘန်လင်ရွာ နှင့် ခြောက်မိုင်ရွာရှိ လူနေအိမ် နှင့် အရပ်သားကားများ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ပြီး ကျွဲထိန်းကုန်းရွာမှ ဒေသခံ လေး ဦး သေဆုံး ခဲ့ကြောင်းသိရသည်။
အဆိုပါတိုက်ပွဲကို မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)၊ စစ်ကြောင်း (၂)၊ KNLA တပ်ရင်း (၁၁)၊ KTLA၊ တောကြီးမြွေဟောက် မိုင်းအဖွဲ့(ပုလော ပြည်သူ့ကာကွယ်ရေးအဖွဲ့)၊ Dragon Squad ဒရုန်းအဖွဲ့၊ မြိတ်ခရိုင် ဒရုန်းအဖွဲ့၊ ADF ဒရုန်းအဖွဲ့ စသည့် တော်လှန်ရေးတပ်ဖွဲ့များမှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်တွင် ထိုသို့ စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ပြီးခဲ့သည့် စက်တင်ဘာ ၂၄ ရက်နေ့တွင် အမတ-၃၀၆ တပ်ရင်းမှစစ် ကောင်စီစစ် ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့မှုများဖြစ်ပွားခဲ့ ကြောင်းလည်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၂ ထံက သိရသည်။
ဓာတ်ပုံ – ပေးပို့
#တနင်္သာရီမြို့နယ် #စစ်ကောင်စီ #စစ်ကြောင်း #တိုက်ပွဲဖြစ် #Ayeyarwaddy_Times