ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၆ ရက်

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်း-မအူပင်-ဘိုကလေး ကားလမ်း ၊ ကျီးချောင်းကျေးရွာအနီးတွင် ကောင်စီတပ်နှင့်ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ စစ်ဆေးရေးဂိတ်ချကာ ဒေသခံများထံမှ ငွေတောင်းခံမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလ၂၃ရက်နေ့ကစ၍ စစ်ကောင်စီတပ်၊ပြည်သူ့စစ်(ပျူစောထီး)၊ရဲနှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များ စုပေါင်း၍ စစ်ဆေးရေးဂိတ်ချကာ ဆိုင်ကယ်မောင်းနှင်
သူများအား ယာဉ်စည်းကမ်းထိန်းသိမ်းရေးအကြောင်းပြဖမ်းဆီးနေပြီး ငွေကျပ်သောင်းချီတောင်းခံမှုများရှိနေကြောင်း ဒေသခံများကပြောဆိုသည်။

“ လမ်းပေါ်မှာ စစ်ဆေးရေးဂိတ်ချပြီးတော့ကို စစ်နေတာ။စစ်တာထက်ပိုက်ဆံရှာနေတာလို့ပြောရမှာ။ဆိုင်ကယ်စီးတဲ့သူတွေကိုပိုဖမ်းနေတာ။လိုင်စင်ရှိရှိမရှိရှိ အကုန်ဖမ်းနေတော့မြို့ထဲသွားဖို့တောင်ခက်နေတယ်။ လိုင်စင်ရှိတဲ့သူဆိုတောင် ငါးသောင်းလောက်ပေးနေရတယ်”ဟု ကျီးချောင်းကျေးရွာဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါယာဉ်ဖမ်းဆီးမှုများတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ ဆိုင်ကယ်စီးနင်းသူများကို အကြောင်းအမျိုးမျိုးပြကာ ငွေကျပ်သုံးသောင်းမှ ငါးသောင်းကျပ် အထိတောင်းယူနေကာ ဆိုင်ကယ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင်မရှိသူများအနေဖြင့် ငွေကျပ် တစ်သိန်းမှ ငါးသိန်းအထိ ပေးရသည့်အပြင် ဆိုင်ကယ်များကိုပါ သိမ်းဆည်းခံနေရကြောင်း ဒေသခံများထံကသိရသည်။

“ ငွေတောင်းချက်ကကတော်တော်ကြီးကိုဆိုးလွန်းတယ်။ ကျီးချောင်းအုပ်ချုပ်ရေးမှူးနဲ့ စကစ တပ်တွေပေါင်းပြီးလုပ်စားနေကြတာ။ ဆိုင်ကယ်တစ်စီးကိုလိုင်စင်ပါပါမပါပါ ဘက်မှန်တွေကြည့်ပြီးတော့ မပါရင်တောင်းတယ်။အကြောင်းအမျိုးမျိုးပြ ပြီးတော့ကို တောင်းတာပေါ့။အနည်းဆုံးက သုံးသောင်း အများဆုံးက ငါးသောင်းပေါ့။ ကားသမားတွေလည်းအတူတူပဲ။ ဆိုင်ကယ်သမားတွေကျတော့ လိုင်စင် မပါတဲ့သူဆိုရင် ငါးသိန်းလောက်တောင်းတယ်။ ဆိုင်ကယ်ပါသိမ်းသွားတာ”ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် မြို့ခံတစ်ဦးကဆိုသည်။

အဆိုပါစစ်ဆေးရေးဂိတ်တွင် ဒေသခံများကို ညပိုင်းလုံခြုံရေးအဖြစ် ကင်းစောင့်ရန် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နှင့်စစ်ကောင်စီတပ်က ခိုင်းစေထားကြောင်း သိရသည်။

#မော်ကျွန်း#စစ်ကောင်စီတပ်#ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့#စစ်ဆေးရေးဂိတ်#ငွေတောင်း#

#Ayeyarwaddy_Times