ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၅ ရက်

စစ်ခေါင်းဆောင်က တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ(EROs)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များကို လက်နက်ကိုင်အကြမ်းဖက်သည့်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်အတွက် ဆက်သွယ်ဆောင်ရွက်ကြရန် ဖိတ်ခေါ်ကြောင်း ယနေ့ စက်တင်ဘာ ၂၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

တိုင်းရင်းသားအဖွဲ့အစည်းများနှင့် PDF အဖွဲ့အစည်းများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ၊ အကြမ်းဖက်သောင်းကျန်သူ အဖွဲ့အစည်းများ၊ အကြမ်းဖက် PDF အဖွဲ့များကို စစ်ခေါင်းဆောင်က အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်သုံး နှုန်းကာ ပါတီထောင်၍ နိုင်ငံရေးလမ်းစဉ်ဖြင့် ဖြေရှင်းရန် ဖိတ်ခေါ်လာခြင်းဖြစ်သည်။

ယနေ့ စက်တင်ဘာ ၂၆ ရက်နေ့ ညပိုင်းအချိန်တွင် စစ် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်သည့် လမ်းစဉ် ကိုစွန့်လွှတ်ကာ ပါတီနိုင်ငံရေး လမ်းကြောင်းဖြင့် သော်လည်းကောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းမှ သော်လည်းကောင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက် နိုင်ပါရန် ကမ်းလှမ်းဖိတ်ခေါ်ခဲ့သည်။

မဲမသမာမှုကြောင့်ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးပြဿနာ များကို စစ်ကောင်စီက နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းခဲ့သော်လည်း နိုင်ငံတော်အာဏာကို မမှန်ကန်သောနည်းလမ်းဖြင့် ရယူရန် ကြိုးပမ်းခဲ့သည့် အတွက်ကြောင့် ဖွဲ့စည်းပုံအခြေခံဥ‌ပဒေအရ အာဏာကိုလွှဲပြောင်း ထိန်းသိမ်း ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောဆိုထား သည်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းဘဲ လက်နက်ကိုင်လမ်းစဉ်၊ အကြမ်းဖက်လမ်းစဉ် တို့ဖြင့် အကြမ်းဖက်တိုက်ခိုက်သည့်နည်းလမ်းကို ရွေးချယ်အသုံးပြုခဲ့သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ ကြောင့် နိုင်ငံတော်၏ လူသားအရင်းအမြစ်၊ အခြေခံအဆောက်အဦ၊ ပြည်သူတို့၏အသက်အိုးအိမ်စည်း စိမ်များ ဆုံးရှုံးခဲ့ရသည်ဟု စစခေါင်းဆောင်က ပြစ်တင် ပြောဆိုထားသည်။

ထို့အပြင် ထိုသို့ လက်နက်စွဲကိုင် လှုပ်ရှားမှုများပြုလုပ်ခဲ့သည့်အတွက် နိုင်ငံတော်အေးချမ်းရေးနှင့် ဖွံ့ ဖြိုးတိုးတက်ရေးကို များစွာအဟန့်အတားဖြစ်စေခဲ့ သည်ဟုလည်း ပြောဆိုထားသည်။

စစ်ကောင်စီက ပါတီစုံဒီမိုကရေစီအထွေထွေ ရွေး ကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရကို နိုင်ငံတော်အာဏာလွှဲအပ်ရေးကို မမှိတ်မသုန်ဦးတည် ဆောင်ရွက်နေသော်လည်း အကြမ်းဖက်အဖွဲ့များ ကြောင့် အဟန့်အတားဖြစ်နေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ဆက်လက်ပြီး ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် မဲစာရင်းမှန်ကန်မှုကို အထောက်အကူပြုစေမည့် သန်းခေါင်းစာရင်းကောက်ယူခြင်းအား အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ကောက်ယူတော့မည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။

လက်နက်ကိုင်အကြမ်းဖက်မှုကြောင့် နိုင်ငံ‌အတွင်းဖြစ်ပွားခဲ့သည့် ဆုံးရှုံးမှုများကို ထောက်ရှုပြီး ထာဝရ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူများနှင့်အတူ လက်တွဲဖော်ဆောင်နိုင်ရန် နိုင်ငံတော်အား ဆန့်ကျင်တိုက်ခိုက်နေသည့် အကြမ်းဖက်များနှင့် နိုင်ငံရေးအရ ဆွေးနွေးလိုသည်ဟု စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။

ရှမ်းမြောက်နှင့် ရခိုင်ပြည်နယ်ရှိ နယ်မြေများ မန္တလေး တိုင်းအတွင်းရှိသည့် နေရာအချို့ကို လက်လွတ်ဆုံးရှုံး လိုက်ရသည့် စစ်ကောင်စီက ယခုစက် တင်ဘာလအတွင်းတွင်ပင် ညီနောင် မဟာမိတ်အဖွဲ့သုံးဖွဲ့ဖြစ်သော ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်းတပ်မတော် (TNLA) နှင့် အာရက္ခတပ်တော် (AA) တို့ကိုအကြမ်းဖက်အဖွဲ့ အစည်းများဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

ထို့အပြင် လက်လွတ်ဆုံးရှုံးလိုက်ရသည့် နယ်မြေများ ကို ပြန်လည်ရယူရန်အတွက် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်သွားမည်ဖြစ်ကြောင်းကို ပြောဆိုခဲ့ပြီး စစ် ကောင်စီဝါဒဖြန်သတင်းစားများတွင် နေ့စဉ်ဖော်ပြ၍ ခြိမ်းခြောက်ခဲ့သည်။

ထို့သို့ ခြိမ်းခြောက်ထားသည့်အတိုင်း ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက်နေ့မှ စတင်ကာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်ခဲ့၍ အရပ်သားပြည်သူများစွာ သေဆုံးခဲ့ရသည်။

စစ်ခေါင်းဆောင်သည် ဗုံးကြဲအကြမ်းဖက်မှုများနှင့် တော်လှန်ရေးတပ် ဖွဲ့များကို အကြမ်းဖက် ဟုသုံးနှုန်း၍ စစ်ဆင်ရေးနာမည်များပါတပ်ကာ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကို တောက်လျှောက်ပုံဖော်နေသော်လည်း နိုင်ငံရေးနည်းလမ်းဖြင့် နိုင်ငံရေးပြဿနာကို ဖြေရှင်းလို သည်ဟုဆိုကာ ကြေညာချက် တစ်ရပ်ကို ထုတ်ပြန်လာခြင်းဖြစ်သည်။

စစ်ခေါင်းဆောင်က နိုင်ငံရေးနည်းလမ်းဖြင့် နိုင်ငံရေး ပြဿနာကို ဖြေရှင်းမည်ဟုဆိုသော်လည်း ၎င်းဖိတ်ခေါ်ဆွေးနွေးမည့် အဖွဲ့အစည်းများကို အကြမ်းဖက်ဟုသာ သုံးနှုန်းဖော်ပြထားသည်ကို တွေ့ရသည်။

ပုံစာ-စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

#စစ်ကောင်စီ #နိုင်ငံရေး #နည်းလမ်း #ဖြေရှင်းမည် #တိုင်းရင်းသား #လက်နက်ကိုင် #PDF #ဖိတ်ခေါ် #Ayeyarwaddy_Times