
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၅ ရက်
တရုတ်အစိုးရ ဖိအားပေးမှုကြောင့် ကိုးကန့်တပ် (MNDAA) အနေဖြင့် သဘောထား ရပ်တည်ချက် ထုတ်ပြန်ထားရချိန်တွင် စစ်ကောင်စီက MNDAA သိမ်းယူထားသည့် နေရာများကို လေကြောင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများ လုပ်ဆောင်နေသည့်အတွက် တရုတ်၏ တုံ့ပြန်မှုကို စောင့်ကြည့်ရမည်ဟု လေ့လာသူများက ထောက်ပြသည်။
MNDAA သည် ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းခြင်း၊ စစ်မြေပြင်များ ချဲ့ထွင်ခြင်း၊ မန္တလေးနှင့် တောင်ကြီးကို ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများ လုံးဝပြုလုပ်မည် မဟုတ်ဟု တရုတ်အစိုးရ အလိုကျ မြန်မာဘာသာဖြင့် ဒုတိယအကြိမ် ထုတ်ပြန်ခဲ့ရသည်။
MNDAA က ၎င်းတို့၏ ရပ်တည်ချက်များကို ထုတ်ပြန်ပြီးနောက် စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း လားရှိုးမြို့အပါအဝင်ဆုံးရှုံးသွားသည့်နယ်မြေများကို ထိုးစစ်ဆင် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လျှက်ရှိသော်လည်း ပြန်လည်၍ သီးခြားသိမ်းပိုက်နိုင်သော အခြေအနေမရှိကြောင်း မြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုသည်။
“တရုတ်ရဲ့ ဖိအားပေးမှုကြောင့် ဖြစ်လာတဲ့ ကြေညာချက်ရဲ့ အကျိုးဆက်အရ သူ့အနေနဲ့ လားရှိုး ရမခတိုင်း ပြန်ရရှိရေးအတွက် စဉ်းစားတဲ့နေရာမှာ တရုတ်ရဲ့ အကူအညီနဲ့ သူလုပ်နိုင်တဲ့ အခြေအနေ လမ်းအချို့တော့ ပွင့်သွားပါတယ်။ ဒါပေမယ့် အဲဒီကိစ္စက တော်တော်တော့ ရေရှည်ဆွေးနွေး ပြောဆိုရမယ့် ကိစ္စဖြစ်ပါတယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
MNDAA က ထိုးစစ်ဆင် တိုက်ခိုက်မှုများ လုံးဝပြုလုပ်မည် မဟုတ်သော်လည်း မိမိကိုယ်ကို ခုခံကာကွယ်ခွင့် ဆက်လက်စွဲကိုင်သွားမည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသောကြောင့် စစ်ကောင်စီအနေဖြင့် ဆက်လက်တိုက်ခိုက်မှုများလုပ်ဆောင်နေမည်ဆိုပါက တရုတ်၏ အစီအစဉ် သည်လည်း အောင်မြင်မည် မဟုတ်ဘဲ တုံ့ပြန်တိုက်ခိုက်မှုများသာ ပိုမိုကျယ်ပြန့် လာနိုင်ကြောင်း လေ့လာသူများက ထောက်ပြသည်။
“ရေရှည်အနေနဲ့ ရွေးကောက်ပွဲကို တရုတ်က တွန်းထားပြီးပြီ။ စစ်ကောင်စီဖက်က လေးနက်မှုနဲ့ လုပ်ငန်းစဉ်တွေ ချပြဖို့လိုတယ်။ အခုဗုံးကြဲနေတာက နိုင်ငံတကာက ကပ်ဘေးကူညီမှုတွေအပေါ် စာနာမှုဖြစ်လာစေမှာ မဟုတ်သလို၊ စစ်ရေးအရလည်း အသာစီးဖြစ်မှု ဖန်တီးပေးမှာ မဟုတ်ပါ” ဟု မြန်မာ့အရေး လေ့လာသုံးသပ်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကိုးကန့်တပ် (MNDAA) ဦးဆောင်သော မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်မှ စတင်၍ ရှမ်းမြောက်တွင် “၁၀၂၇” စစ်ဆင်ရေး(ပ၊ဒု) ဖော်ဆောင်ခဲ့ပြီး လောက်ကိုင်၊ လားရှိုးမြို့နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အပါအဝင် မြို့အများအပြားကို တိုက်ခိုက်သိမ်းပိုက်ထားသည်။
ထိုအတောအတွင်း တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် နှစ်ဖက်တွေ့ဆုံ ဆွေးနွေး၍ ယာယီအပစ်အခတ် ရပ်စဲခဲ့သော်လည်း ခြောက်ကြိမ်မြောက် ဟိုင်ဂင် ဆွေးနွေးပွဲမှစ၍ စစ်ကောင်စီ ဘက်က တက်ရောက်ခြင်းမရှိတော့သလို ယင်းအဖွဲ့များကို အကြမ်းဖက်အဖြစ် ကြေညာကာ မြေပြင်ထိုးစစ်နှင့် လေကြောင်းတိုက်ခိုက်မှု ပိုမိုလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
“ဒီထုတ်ပြန်ထားမှုကို ပြန်ရုပ်သိမ်းဖို့ တရုတ်ဘက်ကလည်း ပြောပါလိမ့်မယ်။ အဲဒီသဘောထားကို စစ်ကောင်စီက လက်မခံဘူးဆိုရင် ဟိုင်ဂင်အစည်းအဝေးလို ပြန်ပြီးဖြစ်ကြဦးမှာပါ။ အခုအချိန်မှာတော့ ချက်ချင်းလက်ငင်း လေကြောင်းထိုးစစ်တွေ ရပ်ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး” ဟု ဦးသန်းစိုးနိုင်က ဆက်လက်ပြောသည်။
ထို့အတူ လက်ရှိ ရှမ်း-မန်း စစ်ဆင်ရေး ဆင်နွှဲနေသည့် TNLA ကိုလည်း ဩဂုတ် ၂၉ ရက် ရက်စွဲဖြင့် တရုတ်နိုင်ငံ၊ ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေးကော်မတီမှ သတိပေးခြိမ်းခြောက်စာ ပေးပို့လာပြီး တိုက်ပွဲများ ချက်ချင်းရပ်ရန်၊ မရပ်တန့်ပါက ကြောက်ရွံ့ကျိုးနွံ ဆုံးမသွန်သင် နည်းလမ်းများကို ပိုမိုလုပ်ဆောင်မည်ဟု ထုတ်ပြန်စာအရ သိရသည်။
တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံကို ၎င်းတို့နိုင်ငံ အုပ်ချုပ်မှု ပုံစံလိုမျိုး တစ်ပါတီ အာဏာရှင် စနစ်မျိုးဖြင့် တည်ငြိမ်ရေး၊ စီးပွါးဖွံ့ဖြိုး တိုးတက်ရေးဆိုသော ခေါင်းစဉ်အောက်က အုပ်ချုပ်မှု ပုံစံကိုသာ လိုလားကြောင်း မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
“ဒီမိုကရေစီတို့ ဘာတို့ဆိုတဲ့ ဝါဒပိုင်းဆိုင်ရာကိစ္စတွေ၊ အနောက်တိုင်းရဲ့ အတွေးအခေါ်တွေနဲ့ မြန်မာ ဒါမှမဟုတ် အရှေ့တိုင်းသားတွေအပေါ် လွှမ်းမိုးမှုပြုတယ်လို့ စဉ်းစားတဲ့ သဘောရှိတယ်။ အဲဒီစဉ်းစားမှုဟာ တရုတ်မှာလည်း ရှိသလို စစ်ကောင်စီမှာရော ရှိတယ်” ဟု ၎င်းက ဆက်လက် ပြောသည်။
သို့သော် တရုတ်နိုင်ငံကမူ ၎င်းတို့အနေဖြင့် မြန်မာ့ပြည်တွင်းရေးကို ဝင်စွက်ဖက်ခြင်း မရှိဟု အကြိမ်ကြိမ် ငြင်းဆိုထားပြီး တရုတ်နိုင်ငံအား အကြောင်းမဲ့ ပြစ်တင်သော ပြောဆိုလုပ်ဆောင်မှုများကို ဆန့်ကျင်ကာ မြန်မာပြည်သူ တစ်ရပ်လုံးအား မျက်နှာမူ၍ မြောက်ပိုင်းအခြေအနေ အရှိန်လျော့ကျလာစေရန် မြှင့်တင်ဖော်ဆောင်သွားမည်ဟု ဆိုထားသည်။
ဓာတ်ပုံ- လူမှုကွန်ရက်
#တရုတ်ဖိအား #MNDAA #စစ်ကောင်စီ #လေကြောင်း #ထိုးစစ်ဆင် #စောင့်ကြည့်ရမည် #Ayeyarwaddy_Times