ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၅ ရက်

ကိုးကန့်တပ်မတော် – MNDAA သိမ်းပိုက်ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့ နံနက်အစောပိုင်းတွင် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာ ၂၅ ရက် နံနက် ၂ နာရီ ၃၀မိနစ် ဝန်းကျင်ခန့်တွင် လားရှိုးမြို့ ရပ်ကွက် (၁၂) ရှိ နည်းပညာအထက်တန်း ကျောင်းအနီးနှင့် AD တပ်ဦးဘုန်းကြီး ကျောင်းအနီးသို့ စစ်ကောင်စီက ဗုံးသုံးလုံးကြဲချတိုက်ခိုက်သွားခြင်းဖြစ်ကြောင်း သိရသည်။

“လူနေရပ်ကွက်တွေထဲ ဗုံးကြဲချသွားတာ။ လူအထိအခိုက်တော့မရှိဘူး။ ကျောင်းနားတစ်လုံး၊ တပ်ဦးကျောင်းဝင်းထဲ နှစ်လုံးကျတယ်။ အဆောက်အဦတွေတော့ ပျက်စီးသွားတယ်”ဟု လားရှိုးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် စက်တင်ဘာ ၂၁ ရက်နေ့ကလည်း လားရှိုးမြို့ပေါ်ကို ဗုံးကြဲချတိုက်ခိုက်ခဲ့သည်။

ထို့ပြင် ယမန်နေ့ စက်တင်ဘာ ၂၄ ရက်နေ့ကလည်း ရပ်ကွက် (၂) ရှိ လူနေအိမ်များ ပေါ်သို့ ဗုံးကြဲချတိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသမီး တစ်ဦးသေဆုံးပြီး ၁၅ ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၎င်းလက်လွှတ်လိုက်ရသည့် နယ်မြေများရှိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် ယင်းနယ်မြေရှိပြည်သူများကိုပါ တန်ပြန်စစ်ဆင်ရေးအနေဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်တိုက်ပြု လုပ်မည်ဟု အတိ အလင်းထုတ်ပြန်ပြောဆိုထားသည်။

ကိုးကန့်တပ် (MNDAA) ကလည်း မန္တလေးနှင့် တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်မှုများ လုံးဝပြုလုပ်မည်မဟုတ်ဘဲ မိမိကိုယ်ကို ခုခံကာကွယ်ခွင့်ကို ဆက်လက်စွဲကိုင်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

MNDAA က ထိုသို့ ထုတ်ပြန်ပြီးနောက် စစ်ကောင်စီသည် လားရှိုးမြို့ပေါ်သို့ လေကြောင်းမှ ဗုံးကြဲချခြင်းများကို ဆက်တိုက် ပြုလုပ်လာခြင်းဖြစ်သည်။

#ရှမ်းမြောက် #လားရှိုး #စစ်ကောင်စီဗုံးကြဲ #Ayeyarwaddy_Times