အယိုက်လင်း/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၅ ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူရာတွင် ပါဝင်သည့် Non CDM အပါဝင် မည်သူမဆို စစ်ကောင်စီကဲ့သို့ သဘောထားပြီး ပစ်ခတ်သွားမည်ဖြစ်ကြောင့် CDF-Hakha က ယမန်နေ့ စက်တင်ဘာလ ၂၃ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ပြီးခဲ့သည် စက်တင်ဘာလ ၂၃ ရက်နေ့က ဟားခါမြို့ရှိ ဌာနဆိုင်ရာ Non-CDM ဝန်ထမ်းများကိုခေါ်ယူ၍ ရွေးကောက်ပွဲနှင့်ပတ်သက်သော သန်းခေါင်စာရင်းကောက်ယူနည်း သင်တန်း များ ပို့ချခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် CDF- Hakha အနေဖြင့် လွန်ခဲ့သော ၂၀၂၂ ၊ ဇွန်လ ၁၆ ရက်နေ့ကလည်း စစ်ကောင်စီနှင့်အတူ လက်တွဲအလုပ်လုပ်သူများကို စစ်ကောင်စီကဲ့သို့ သဘောထားမည်ဖြစ်သည့်အကြောင်း အသိပေးခဲ့ပြီး အသက်အန္တရာယ်ထိခိုက် သေဆုံးခဲ့သည်အထိ မပြုလုပ်ခဲ့ကြောင်း CDF-Hakhaက ဆိုထားသည်။

ယခုအခါ စစ်ကောင်စီ၏ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်း ကောက်ယူရာတွင် ပါဝင်ကူညီပေးသူ Non CDM များအပါအဝင် မည်သူမဆို စစ်ကောင်စီသဖွယ် သဘောထား၍ တွေ့ရာအရပ်တွင် ပစ်ခတ်သွားမည်ဟု CDF-Hakha က ထုတ်ပြန် အသိပေးထားသည်။

ဟားခါးမြို့တွင် စစ်ကောင်စီနှင့် Non CDM ဝန်ထမ်းများသည် လာမည့် ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်း ကောက်ယူရန် ပြင်ဆင်ဆောင်ရွက်မူများ ပြုလုပ်နေကြောင့် ဒေသခံများထံက သိရသည်။

“ဟားခါးမှာ ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းနဲ့ ပတ်သက်လို့ ပိုစတာ စိုက်ထူတာ၊ လမ်းသွားလမ်းလာသူတွေကို လက်ကမ်းစာစောင်တွေ မျှဝေတာတွေ လုပ်နေပါပြီ။ မနေ့ကလည်း သန်းခေါင်စာရင်း ကောက်ယူနည်း သင်တန်းတွေလည်း ပို့ချနေကြပါတယ်။”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဟားခါးတွင် ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့တွင် ၂၀၂၄ခုနှစ်၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းစဉ်အတွက် လူဦးရေနှင့် အိမ်အကြောင်းအရာဆိုင်ရာ လှုံ့ဆော်ရေး ပိုစတာစိုက်ထူခြင်း ဆိုင်းဘုတ်တင် အခမ်းအနားကို ပြည်နယ် အစိုးရရုံးရှေ့တွင် ဖွင့်လှစ်ကျင်းပခဲ့ပြီး လက်ကမ်းစာဆောင်များကို ဖြန့်ဝေခဲ့ကြောင့် သိရသည်။

စစ်ကောင်စီသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်းကောက်ယူခြင်းကို လာမည့် အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ အောက်တိုဘာလ ၁၅ ရက်နေ့ထိ ၁၅ ရက်တာ ကောက်ယူ သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

#စစ်ကောင်စီ #သန်းခေါင်စာရင်းကောက်ယူ #ပါဝင်သူများ #ပစ်ခတ်သွားမည် #CDF_Hakha #သတိပေး #Ayeyarwaddy_Times