ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၅ ရက်

စစ်ကောင်စီအရာရှိအချို့သည် စစ်မှုမထမ်းမနေရ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသုံးချ၍ စီးပွားဖြစ်ကာ ငွေဝင်လမ်းဖြောင့်ဖြူးနေကြောင်း သိရသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့က လူငယ်များ စစ်မှုမထမ်းမနေရ ပြည်သူစစ်မှုထမ်းဥပဒေကို အသက်သွင်းအာဏာတည်ခဲ့ပြီးနောက် စစ်ကောင်စီတပ်မှ အရာရှိအချို့သည် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသုံးချကာ စီးပွားဖြစ် ငွေရှာလာ ကြောင်း သိရသည်။

စစ်ကောင်စီက စစ်မှုထမ်းရန် မဲပေါက်သည်ဟု အကြောင်းကြားခံရသူသည် စစ်မှုမထမ်းလိုပါက အစားထိုးလူရှာပေးရန်ဟုဆိုကာ စစ်ကောင်စီအရာရှိနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များသို့ သိန်းဆယ် ဂဏန်းမှ ရာဂဏန်းအထိ ပေးဆောင်ရကြောင်း သိရသည်။

စစ်မှုထမ်းရန် သင်တန်းသားသစ် ခေါ်ယူသည့်အစီ အစဉ်မှာလည်း စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) သင်တန်းမဆင်းခင်ကတည်းက နောက်ထပ်အမှတ်စဉ် (၅) အထိ လူသစ်စုဆောင်းမှုများကို အသည်း အသန်လုပ်ဆောင်၍ စုဆောင်းထားရှိမှုများရှိနေသည်ကို တွေ့ရသည်။

စစ်ကောင်စီက သင်တန်းအမှတ်စဉ်တစ်ခုလျှင် သင်တန်းသား ၅၀၀၀ ‌ဟု သတ်မှတ်ခေါ်ယူကြောင်း ကြေညာထားကာ မြေပြင်တွင် တပ်သားသစ်စုဆောင်းမှုကို ရပ်ကွက်နှင့်ကျေးရွာများအတွင်း မဲနှိုက် ခေါ်ယူမှုများရှိသလို ညအချိန် ပေါ်တာဆွဲသကဲ့သို့ အတင်းအကျပ်ဖမ်းဆီး ခေါ်ဆောင်ခံရသည့် လူငယ် များလည်းရှိကြောင်း သိရသည်။

မဲနှိုက်ရွေးချယ်ခံရသူများထံမှ လူစားထိုးရန် ငွေ ကြေးတောင်းခံခြင်း၊ မတရားဖမ်းဆီးခံရသူများကို စစ်မှုထမ်းဥပဒေအကြောင်းပြကာ ပြန်လွတ်ချင်လျှင် ငွေကြေးပေးဆောင်ရမည်ဟု ခြိမ်းခြောက် ငွေတောင်းခံခြင်းတို့ဖြင့် စစ်ကောင်စီအရာရှိနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များမှာ စစ်မှုထမ်းဥပဒေကို အကြောင်းပြု၍ ငွေအလုံးအရင်းအလိုက် ရရှိနေကြောင်း သိရသည်။

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင်လည်း စစ်မှုထမ်း ဥပဒေအတွက် အစည်းအဝေးလုပ်ရာတွင် မီးပျက်ချိန်တွင် စစ်ကောင်စီအဖွဲ့များ ဝင်ရောက်ရိုက်နှက်ခံရခြင်း၊ ဗုံးခွဲခံရခြင်းတို့ကြောင့် မဲနှိုက် ရွေးချယ်ခြင်းမပြုလုပ်တော့ဘဲ ၎င်းတို့ခေါ်ယူချင်သူ၏ အိမ်သို့အကြောင်းကြားစာပို့ကာ ငွေညှစ်ခြင်း များ ပြုလုပ်နေကြောင်း သိရသည်။

“ကျွန်မတို့ရပ်ကွက်ထဲက စစ်အုပ်စုသတင်းပေးလိုလို အမှုပွဲစားလိုလိုနဲ့ လူငယ်တွေအဖမ်းခံရရင် သူကဘယ်တပ်ကဖမ်းသွားတယ်၊ ဘယ်သူ့ဆီလိုက်ညှိပေးမယ်ဆိုပြီး ပွဲစားလိုလုပ်နေတဲ့လူက အခု စစ်မှုထမ်း ဥပဒေထုတ်အပြီးမှာ အခန်းတွဲမှာငှားနေရတဲ့ ဘဝကနေ တိုက်နဲ့ ကားသုံးစီးလောက်နဲ့ ဖြစ်နေပြီ။ ငွေရှာပေါက်ရနေတာ”ဟု တောင်ဒဂုံရပ်ကွက်နေ အမျိုးသမီး တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလားတူ ကော့မှူးမြို့နယ်တွင်လည်း စစ်မှုထမ်းမဲပေါက်၍ လူစားထိုးချင်ပါက စစ်ကောင်စီနှင့် အုပ် ချုပ်ရေးမှူးအဖွဲ့ထံ သိန်း ၃၀၀ ခန့်ပေးသွင်းရကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်မှုထမ်းဥပဒေချမှတ်ပြီးနောက် လူငယ်၊ လူလတ်ပိုင်းများကို ဧည့်စာရင်း အကြောင်းပြဖမ်းဆီးခြင်း၊ စစ်မှုထမ်းဥပဒေကို အသက်ပြည့်လျက်နှင့် ရှောင်လွှဲသည်ဟု ဆိုကာ ဖမ်းဆီးခြင်းတို့ကို ပြုလုပ်ပြီး ငွေညှစ်မှုများရှိနေကြောင်း သိရသည်။

ထို့အပြင် ရပ်ကွက်ကျေးရွာများအတွင်းမှလည်း စစ်မှု ထမ်းရန်စာရင်းပါသည့်သူကို ထောက်ပံ့ကြေး ပေးဆောင်ရမည်ဟုဆိုကာ တစ်အိမ်လျှင် သောင်းဂဏန်းအထိ လစဉ်ကောက်ယူမှုများရှိနေကြောင်း သိရသည်။

ပုံစာ- စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၄) တွင်တွေ့ရသည့် သင်တန်းသားများနှင့် စစ်ကောင်စီ၏ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး
#စစ်မှုထမ်း #ဥပဒေ #အကြောင်းပြ #စစ်ကောင်စီ #အရာရှိများ #စီးပွားဖြစ်နေ #Ayeyarwaddy_Times