
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၅ရက်
ကချင်ပြည်နယ် မိုးမောက်မြို့နယ်နှင့် ဝိုင်းမော်မြို့နယ်တို့တွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။
မိုးမောက်မြို့နယ် ၇ မိုင်အနီးတွင် ယမန်နေ့ စက်တင်ဘာ ၂၄ရက်နေ့က တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရာ စစ်ကောင်စီသည် လေကြောင်းမှ ခုနစ်ကြိမ်တိုင် ဗုံးကြဲ တိုက်ခိုက်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ သည့်အပြင် ဒရုန်းအစင်းရေ ၅၀ ခန့်သုံးကာ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“တိုက်ပွဲက ဩဂုတ်ကတည်းကဖြစ်နေတာ။ နည်းနည်း ငြိမ်တာနဲ့ တိုက်ပွဲပြန်ပြင်းထန်လာတာ အဲဒါပဲ ကွာပါတယ်။ မနေ့ကတော့ လေယာဉ်တွေနဲ့ပါ လာပစ်တယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
KIA နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဩဂုတ် ၁၉ရက်နေ့က မိုးမောက်ရှိ စစ်ကောင်စီ၏ ခမရ ၄၃၇ကို သိမ်းပိုက်ခဲ့ပြီးနောက် ဗန်းမော်ရှိ စစ်ကောင်စီ၏ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) လက်အောက်ခံတပ်များသည် ဩဂုတ် ၂၄ရက်နေ့မှ စတင်ကာ ဗန်းမော်နှင့် မိုးမောက် ကြားကို စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီစစ်ကြောင်းနှင့် KIA တပ်များသည် ၅ မိုင်နှင့် ၆ မိုင်ကြားအပြင် ၇မိုင် တွင်လည်း တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကြောင်း သိရသည်။
မံစီအခြေစိုက် ခမရ ၃၁၉နှင့် ခမရ ၆၀၁ တို့၏ ကာကင်းစခန်းဖြစ်သည့် ဗန်းမော်မြို့နယ် ကောင်ဂျာယန်ရှိ စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် ဩဂုတ် ၁၉ရက်နေ့တွင် KIA က သိမ်းပိုက်ခဲ့ပြီး အဆိုပါစခန်းကို ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီက တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာရှိ စစ်ကောင်စီ၏ ခလရ ၅၈အနီးတွင်လည်း တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားနေကြောင်း သိရသည်။
KIA သည် ပြီးခဲ့သည့် မေလအတွင်းက ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီ၏ ခမရ ၃၂၁ အပါအဝင် တပ်စခန်း ၁၀ခုကျော်ကို သိမ်းပိုက်ထားနိုင်ခဲ့သည်။
ပုံစာ- ခမရ ၄၃၇ကို KIAသိမ်းပိုက်ထားစဥ်
#ကချင် #မိုးမောက် #ဝိုင်းမော် #စစ်ကောင်စီ #KIA #တိုက်ပွဲဖြစ် #Ayeyarwaddy_Times