
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၅ ရက်
ဧရာဝတီတိုင်းအတွင်းရှိ ပုသိမ် ၊သာပေါင်း၊ ငပုတောမြို့နယ်တို့တွင် ထုတ်လုပ်၍ ဖြန့်ချီ ရောင်းချနေသော အုန်းတံမြက်စည်းလုပ်ငန်းအတွက် ကုန်ကြမ်းပစ္စည်းရှားပါးမှုနှင့် ကြုံတွေ့နေရသည်ဟု အဆိုပါလုပ်ငန်း လုပ်ကိုင်သူများထံက သိရသည်။
ကုန်ကြမ်းအဖြစ်ပါဝင်သော ၊ထီးရိုးဝါး ၊အုန်းတံ ၊ကော်ကြိုး နှင့် ဆိုး(ရော်ဘာ)ပြား တို့ကို အသုံးပြုကြရာမှာ အဓိကကုန်ကြမ်းဖြစ်သော အုန်းတံ နှင့် ထီးရိုးဝါးအတွက် အခက်အခဲဖြစ်နေသည်ဟု လုပ်ငန်းလုပ်ကိုင်သူများကဆိုသည်။
အာရက္ခတပ်တော် A A စိုးမိုးထားသည့် နယ်မြေများနှင့် ထိစပ်နေသော ဧရာဝတီတိုင်းအတွင်း ကုန်ကြမ်းပစ္စည်း ထုတ်လုပ်သယ်ဆောင်သည့် လမ်းများအား စစ်ကောင်စီတပ်များက လုံခြုံရေးတင်းကြပ်ထားသဖြင့် အုန်းတံမြက်စည်းလုပ်ငန်းအတွက် အဓိကကျသည့် အုံးတံ နှင့် ဝါး ကုန်ကြမ်း ပစ္စည်းများ ထုတ်လုပ်သယ်ဆောင်ရာတွင် အခက်အခဲများ ကြုံနေရခြင်းဖြစ်သည်။
“အဓိကကျတဲ့ ကုန်ကြမ်းက ရှားလာတယ်။ သယ်ယူစရိတ်တွေက မြင့်လာတယ်။ ပြီးတော့ ရခိုင်ရိုးမထဲက ဝါးထုတ်တဲ့အခါမှာလည်း စစ်တပ်က စစ်ကြောင်းတွေ ထိုးနေတော့ အဓိကကျတဲ့ ကုန်ကြမ်းက ပြတ်ပြတ်လာတယ်” ဟု အုန်းတံမြက်စည်းရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အုန်းတံမြက်စည်း ထုတ်လုပ်သူများသည် အမျိုးအစား သုံးမျိုးထုတ်လုပ်ရာတွင် လက်လှဲအတိုတစ်ချောင်းလျှင် ၂၀၀ ကျပ် မှ ၅၀၀ ကျပ် ၊ စည်ပင်သာယာသုံး တစ်ချောင်းလျှင် ၁၀၀၀ ကျပ်မှ ၁၈၀၀ ကျပ် ၊ အချောအရှည် ခေါင်း အကွပ်ပါတစ်ချောင်းလျှင် ၁၅၀၀ ကျပ် မှ ၂၅၀၀ ကျပ်အထိ ရောင်းချနေကြောင်း ဒေသခံများထံကသိရသည်။
“ဒေသထွက်ကုန်တွေနဲ့ အခြေခံတဲ့ လက်မှုပညာလုပ်ငန်းပါ အရင်းအနှီးမြုပ်နိုင်ရင်တော့ အကျိုးပိုဖြစ်တယ်။ ဒါပေမယ့် အခြေခံအကျဆုံးဖြစ်တဲ့ အုန်းတံ နဲ့ ထီးရိုးဝါး ကိုသိုလှောင်ဖို့ဆိုတာ ဂိုထောင်လိုမျိုး နေရာခြံဝင်းလို မျိုးကအစ လိုအပ်တယ် အရင်းအနှီး က မတတ်နိုင်ဘူး ၊ စစ်တပ် အာဏာသိမ်းပြီး ကတည်းက အရပ်ရပ်ကုန် ဈေးနှုန်းတွေကတက် လုပ်ငန်းအခွန်တွေ ဘာတွေကလည်း အမျိုးမျိုးကောက်ဆိုတော့ ကြပ်တည်းတယ် ”ဟု အသက် ၄၅ နှစ်ရှိ အုန်းတံမြက်စည်း ရက်သူ အမျိုးသမီးတစ်ဦးက ရှင်းပြသည်။
အုန်းတံမြက်စည်းကို ပုသိမ်မြို့ရှိ ရာမည ရပ်ကွက်တွင် အများဆုံးထုတ်လုပ်ပြီး ပုသိမ်မြို့အပြင် သာပေါင်း နှင့် ငပုတော မြို့နယ် အတွင်းရှိ ကျေးလက်ဒေသအချို့တွင်လည်း ထုတ်လုပ်ကြောင်း သိရသည်။
ထုတ်လုပ်ရရှိလာသည့် အဆိုပါ အုန်းတံမြက်စည်းများကို ပုသိမ်မြို့ရှိ ဒိုင်များမှတစ်ဆင့် မြန်မာပြည်အနှံ့ကိုဖြန့်ချီကြောင်း သိရသည်။
#အုန်းတံမြက်စည်း #လုပ်ကိုင်သူများ #ကုန်ကြမ်း #ရှားပါးလာမှုနှင့်ကြုံ #Ayeyarwaddy_Times