ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၅ ရက်

ပဲခူးတိုင်း၊ တောင်ငူမြို့ (၂၀) ရပ်ကွက်၊ မြို့ကြီးရွာတွင် စစ်ကောင်စီက ရေဘေးကူညီကယ်ဆယ်ရေး ပစ္စည်းများ ကူသယ်ရမည်ဟုဆိုကာ ရွာထဲရှိ လူငယ်များကို ခေါ်ထုတ်ကာ ဖမ်းဆီးသွားကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက လူငယ်အများစုကို စုဝေးပေးပြီး ရွာနှင့် အနည်းငယ်လှမ်းသောနေရာတွင် ရပ်ထား သည့် စစ်ကားပေါ်မှ ရေဘေးအလှူပစ္စည်းများကို ကူညီသယ်ဆောင်ရန် လိမ်လည် ခေါ်ထုတ် ခဲ့သည်။

ထို့သို့ခေါ်ထုတ်ပြီးနောက် စစ်ကောင်စီတပ်သားများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များမှ စုဝေး ထားသည့် လူငယ်များကို စစ်ကားနှင့်တင်၍ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံက သိရသည်။

“၂၃ ရက်နေ့ညမှာ လူငယ် ၁၀ ယောက်ကျော်လောက် အဖမ်းခံရတယ်။ စစ်ကားပေါ်အကုန်ဖမ်းတင်တာ။ ကားပေါ်ရောက်တော့ စစ်သားတယောက်က ၂၄ ရက်နေ့ကျရင် ပစ်မိန့်နဲ့လာဖမ်းမှာလို့ပြောတယ်။ ဒါကြောင့် ကားအရှိန်နှေးနေချိန် ခုန်ချနေခဲ့ပြီး ရွာကိုပြန်ပြောတာ ” ဟု ထွက်ပြေး လွတ်မြောက်လာသည့် လူငယ်နှင့် နီးစပ်သူက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထိုသို့ ဖမ်းဆီးခေါ်ဆောင်သည့်အပြင် ယမန်နေ့ ၂၄ ရက်နေ့ကလည်း ကြိုပွိုင့်ရှိသည်ဟုဆိုကာ လူငယ်များကို ဝင်ရောက်ဖမ်းဆီးရာတွင် စစ်ကောင်စီအဖွဲ့များက ထွက်ပြေးပါက ပစ်သတ်ရန် ဖမ်းဆီးမိန့်ပေးထားသည်ဟု ရပ်ရွာအတွင်း ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

မြို့ကြီးရွာမှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်လင်း ဦးဆောင်၍ ရေဘေးရှောင်များ နေထိုင်နေသည့် လောကုတ္တရာဘုရားကြီးပေါ်သို့ လာရောက်ကာ လူလတ်ပိုင်းအရွယ် လူငါး ဦးကို ထပ်မံလာရောက် ခေါ်ယူစဉ် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ဆိုသည်။

ယခင်က မြို့ကြီးရွာတွင် စစ်မှုထမ်းရန် ခေါ်ဆောင်ရာတွင် မဲနှိုက်ခိုင်းပြီး မဲပေါက်သူကို အုပ်ချုပ်ရေးမှူး မှတဆင့် စာနှင့်ခေါ်ဆောင်ခြင်း၊ အုပ်ချုပ်ရေးမှူများနှင့် သင့်မြတ်ခြင်းမရှိသည့် ရပ်ရွာအတွင်းရှိ လူငယ်များကို မဲပေါက်သည်ဟုဆိုကာခေါ်ယူခြင်း စသည့်နည်းများဖြင့်သာ စစ်မှုထမ်းရန် ခေါ်ဆောင်ခဲ့ ကြောင်း သိရသည်။

ထိုသို့ စစ်မှုထမ်းရန်ခေါ်ဆောင်မှုကို ကျေးရွာအတွင်းရှိ ဒေသခံများက ငြင်းဆန်မှုများရှိသည့်အတွက် လိုအပ်သည့်အချိန် ပေါ်တာဝင်ဆွဲပါက အသက်မပြည့်သူများလည်း စစ်မှုထမ်းရမည်ဟု ရပ်ရွာ အုပ်ချုပ်ရေး အဖွဲ့က ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးဇော်လင်း ဦးဆောင်ပြီး ထိုသို့ရေဘေးအကြောင်းပြ အကြမ်းဖက်စစ်သား စုဆောင်းမှုအပေါ် ဒေသခံများက ကြောက်ရွံ့နေကြပြီး လူငယ်အများစု ရွာမှထွက်ပြေး ပုန်းရှောင် နေကြောင်း သိရသည်။

ပုံစာ-တောင်ငူမြို့ (၂၀) ရပ်ကွက်၊ မြို့ကြီးရွာရှိ လောကုတ္တရာဘုရား
#ပဲခူး #တောင်ငူ #မြို့ကြီးရွာ #စစ်ကောင်စီ #လူငယ်များဖမ်း‌ဆီး #Ayeyarwaddy_Times