
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၅ ရက်
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လက်အောက်ခံတပ်သည် ပြည်သူလူထုကို နေ့စဉ်ရန်ပြု ဖမ်းဆီးသတ်ဖြတ်၍ လေကြောင်းဖြင့်ပါ ဗုံးကြဲတိုက်ခိုက်နေသော်လည်း နယ်မြေခံတပ်နှင့် ဒေသခံများ အပြန်အလှန် ကူညီရန် စစ်ခေါင်းဆောင်က ပြောဆိုလာကြောင်း သိရသည်။
စစ်ခေါင်းဆောင်သည် ၎င်းတို့အားထားရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ပြင်ဦးလွင် တပ်နယ်သို့ စက်တင်ဘာ ၂၃ ရက်မှ ၂၄ ရက်အထိ ၂ ရက်တာ သွားရောက်ခဲ့ပြီး နယ်မြေဒေသ အခြေအနေ၊ ဒေသဆိုင်ရာအချက်အလက်များကို ခြေခြေမြစ်မြစ် သိရှိထားရမည်ဟု ပြောဆိုခဲ့ကြောင်း ၎င်းတို့၏ ဝါဒဖြန့် သတင်းစာများအရ သိရသည်။
ထိုသို့တွေ့ဆုံစဉ် “နယ်မြေခံ တပ်တွေနဲ့ ဒေသခံတွေ တစ်သားတည်း ဖြစ်နေရပြီး အပြန်အလှန် ရိုင်းပင်းကူညီတာ၊ ပူးပေါင်းဆောင်ရွက်တာတွေနဲ့ နယ်မြေလုံခြုံရေး၊ ဒေသခံတွေရဲ့လုံခြုံရေးကို အတူတကွ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြဖို့ လိုပါတယ်” ဟု စစ်ခေါင်းဆောင်က ဆိုသည်။
စစ်ခေါင်းဆောင်က ဆုံးရှုံးနယ်မြေများ ပြန်လည်ရရှိရေးအတွက် မြို့/ရွာများကို စစ်ဘက်၊ အရပ်ဘက် မခွဲခြားဘဲ လိုအပ်သလို တိုက်ခိုက်သွားမည်ဟု ပြီးခဲ့သည့် စက်တင်ဘာ လဆန်းပိုင်းက တောင်ကြီးမြို့ကို သွားရောက်စဉ်ပြောကြားထားခြင်းကြောင့် ယခုကဲ့သို့ တပ်နှင့်ဒေသခံ အပြန်အလှန် ကူညီရမည်ဟု ပြောဆိုလာမှုသည် ရှေ့နောက်ညီညွတ်မှုမရှိကြောင်း နိုင်ငံရေးလေ့လာသူများက ထောက်ပြ ပြောဆို ထားသည်။
စစ်ကောင်စီသည် ၎င်းတို့စစ်ရှုံး အထိနာစေသည့် ညီနောင်သုံးဖွဲ့ကို အကြမ်းဖက်အဖြစ် ကြေညာ ပြီးနောက် စစ်ရေးပစ်မှတ် မဟုတ်သော နေရာများပါ လေကြောင်းတိုက်ခိုက်မှုများ အရှိန်ဟုန်မြှင့် လုပ်ဆောင်နေသဖြင့် လူနေအိမ်၊ အဆောက်အအုံများ မီးလောင်ပျက်စီး၍ အရပ်သား အများအပြား ထိခိုက်သေဆုံးခဲ့ရသည်။
ဓာတ်ပုံ-စစ်ကောင်စီ
#ပြည်သူ #ဗုံးကြဲမည်ခြိမ်းခြောက် #စစ်ခေါင်းဆောင် #တပ်နှင့်ဒေသခံ #အပြန်အလှန်ကူညီရမည် #Ayeyarwaddy_Times