
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၅ ရက်
ပဲခူးမြစ်ရေသည် ဒုတိယအကြိမ်မြောက်အဖြစ်ရေပြည့်လာကာ လာမည့် ၁၂ နာရီအတွင်း ပဲခူးမြို့တွင် စိုးရိမ်ရေမှတ်ရောက်ရှိမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၅ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က ထုတ်ပြန်သည်။
ပဲခူးမြစ်ရေ၏ စိုးရိမ်ရေမှတ်သည် ၈၈၀ စင်တီမီတာ ( ၂၈ ဒသမ ၈၇ ပေ) ဖြစ်ပြီး လက်ရှိတွင် ၈၇၅ စင်တီမီတာ ( ၂၈ ဒသမ ၇၁ ပေ) ရောက်ရှိနေကာ ၁၂ နာရီအတွင်း ရေမျက်နှာပြင် ၂၂ စင်တီမီတာတိုးလာမည်ဖြစ်၍ စိုးရိမ်ရေမှတ်ရောက်ရှိနိုင်ကြောင်း သိရသည်။
“အပေါ်ကရေတွေ ပဲခူးကိုရောက်လာမှာ။ စိုးရိမ်မှတ်ကျော်မယ်ဆိုလို့ အိမ်ထဲပစ္စည်းတွေကို ခုထားတယ်။ အချို့ကိုအပေါ်ထပ်မှာထားတယ်။ ပြီးခဲ့တဲ့လက ရေကြီးတုန်းက နှစ်ထပ်အိမ်ကို အောက်ထပ်ကို ခါးလောက်ရေဝင်တယ်။ ဘယ်မှမသွားဘဲ အပေါ်ထပ်မှာပဲနေတယ်။ လာလှူတဲ့ထမင်းစားတယ်။ ချက်မရတော့။ အခုတော့ အဲဒီလောက်ရေဝင်မလားမသိဘူး” ပဲခူးမြို့၊ ဥဿမြို့သစ်ရပ်ကွက်တွင်နေထိုင်သူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်မ်းကို ပြောသည်။
ထို့ကြောင့် ပဲခူးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုရန်လိုအပ်ပြီး မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ရန် သတိပေးကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းတွင် ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် စိုးရိမ်ရေမှတ်ထက် ၄ ပေကျော်လွန်ရောက်ရှိပြီး မြို့အတွင်းရေကြီးရေလျှံမှု ရက်ပိုင်းဖြစ်ပေါ်သွားကြောင်းသိရသည်။
လက်ရှိတွင် စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် စိုးရိမ်ရေမှတ်ထက်ကျော်လွန်ရောက်ရှိနေပြီး လာမည့် ၁ရက် အတွင်း ပေဝက်ခန့်ကျဆင်းကာ စိုးရိမ်ရေမှတ်တွင်ဆက်လက်တည်ရှိမည်ဖြစ်ကြောင်း မိုး/ဇလထုတ်ပြန်ချက်တွင်ပါဝင်သည်။
ထို့ပြင်စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်ကျော်လွန်ရောက်ရှိနေပြီး လာမည့်တစ်ရက်အတွင်း ပေဝက်ခန့်ကျဆင်းလာ စိုးရိမ်ရေမှတ်တွင်ဆက်လက်တည်ရှိမည်ဖြစ်ကြောင်း ယင်းဌာနထံက သိရသည်။
မြို့နယ် ၅၆ မြို့နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ ၄၁၉ ဦးရှိပြီး ရေဘေးသင့်လူဦးရေ ငါးသိန်းနီးပါးရှိကြောင်း စစ်ကောင်စီ၏ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဆိုထားသည်။
ဓာတ်ပုံ – မိုး/ဇလ
#ပဲခူးမြစ်ရေ #စိုးရိမ်ရေမှတ်ရောက်နိုင် #ဒုတိယအကြိမ်မြစ်ရေတက် #သတိပြုနေထိုင်ရန် #Ayeyarwaddy_Times