
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၅ရက်
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျောက်ပါးစပ်ကျေးရွာတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ယနေ့ စက်တင်ဘာ ၂၅ရက် နံနက် ၉နာရီခန့်တွင် ကျောက်ပါးစပ်ကျေးရွာနှင့် အနီးတဝိုက်ကျေးရွာ များတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့များကို ရိက္ခာပို့လာသည့် စစ်ကြောင်းအား AA က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“တိုက်ပွဲကငြိမ်နေတာ တစ်ပတ်လောက်ရှိပြီ မနေ့ညက ကင်းပုန်းဝပ်တဲ့ စစ်တပ်နဲ့ အပြန်အလှန် ပစ်တာတော့ရှိတယ်။ ဒီနေ့မနက်မှာတော့ စစ်ကြောင်းကို ကြားဖြတ်တိုက်တယ်ပြောပါတယ်။ လေယာဉ်တွေလည်းလာတယ်လို့ သိရတယ်” ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ် ကိုပြောသည်။
AAသည် ကုလားပြင်(ရတနာမြိုင်) ကျေးရွာမှ ရိက္ခာပို့နှင့် ကင်းလှည့်ထွက်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို ကျောက်ပါး စပ်ကျေးရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
စစ်ကောင်စီက တိုက်ပွဲဖြစ်ရာအနီးတစ်ဝိုက်နှင့် ဒိုးတောင်ဝန်းကျင်ကို လေကြောင်းမှဗုံးကြဲ တိုက်ခိုက်သည့်အပြင် ကုလားပြင်ရဲစခန်း၊ ကြွေချိုင်နှင့် ဆပ်သွားကျေးရွာရှိ စစ်ကောင်စီ တပ်စခန်းတို့မှနေ၍ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း သိရသည်။
တိုက်ပွဲသည် ကျောက်ပါးစပ်မှ ဆားချက်ကျေးရွာအနီးထိရောက်ရှိလာပြီး ယမန်နေ့ စက်တင်ဘာ ၂၄ရက် ညပိုင်းကတည်းက စစ်ကောင်စီနှင့် AAတို့ ကျောက်ပါးစပ်ကျေးရွာအနီးတွင် နှစ်ဖက် အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
#ရခိုင် #ဂွ #ကျောက်ပါးစပ် #စစ်ကောင်စီ #AA #တိုက်ပွဲဖြစ် #Ayeyarwaddy_Times