
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၄ ရက်
အာဏာသိမ်း စစ်ကောင်စီသည် ရေဘေးကာကွယ် ကူညီကယ်ဆယ်ရေးအတွက် ပြည်တွင်းပြည်ပကို အလှူခံနေကြောင်း လုပ်ငန်းများကို ထိရောက်စွာ လုပ်ဆောင်ခြင်းမရှိသည့်အပြင် တားဆီး ပိတ်ပင်မှုများရှိနေ၍ ပြည်သူများဒုက္ခရောက်စေရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေသခံ၊ လေ့လာ သူနှင့် ကူညီကယ်ဆယ်ရေး အဖွဲ့များ၏ ပြောကြားချက်အရသိရသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်မှ စတင်၍ မုန်တိုင်းအရှိန်ကြောင့် တိုင်းနှင့် ပြည်နယ်ရှိ မြို့နယ် ၆၅ မြို့နယ်၌ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပေါ်ကြုံတွေ့ကာ လူနှင့် တိရိစ္ဆာန် မြောက်များစွာ ထိခိုက်သေဆုံး၍ စားနပ်ရိက္ခာ၊ အသုံးအဆောင်နှင့် အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။
ထိုအခြေအနေများတွင် မြန်မာပြည်သူချင်းသာ ကူညီကယ်ဆယ်နေသည်ကို တွေ့ရှိရပြီး စစ်ကောင်စီ အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများအား အချိန်မီထိရောက်စွာ လုပ်ဆောင်ခြင်း မတွေ့ရှိရကြောင်း တောင်သူလယ်သမား အကျိုးဆောင်ကွန်ရက် တာ၀န်ခံ ဦးဇော်ရမ်းက ဆိုသည်။
“သူတို့ ဒါနဲ့ပတ်သက်ပြီးတော့ ကြိုတင်ပြင်ဆင်မှုလဲ မရှိဘူး။ ပညာပေးမှုလည်း မရှိသလောက် နည်းပါးတယ်။ နောက် ဘယ်ဝန်ကြီးဌာနက ကိုင်နေမှန်းလဲ မသိရဘူး။ မြန်မာပြည်မှာက သတင်းစာ ရှင်းလင်းပွဲကပဲ သူတို့ ပြဿနာတွေကို ကိုင်တွယ်နေသလို၊ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကလဲ သူတို့အမိန့်ပေးမှ လုပ်သလိုလို အဲ့လိုတွေ ဖြစ်နေတာပေါ့” ဟု ဦးဇော်ရမ်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီကမူ ရေဘေးသင့် ဒေသများကို ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ငွေကျပ်ဘီလီယံ ၃၀ သုံးစွဲရန် လျာထားသည်ဟု ထုတ်ပြန်ထားပြီး ပြည်တွင်းပြည်ပတွင် အလှူခံနေသလို လက်အောက်ခံ ဝန်ကြီးဌာနအလိုက်လည်း အလှူငွေများ ပေးအပ်ရန် ညွှန်ကြားထားသည်။
စစ်ကောင်စီ၏ ကူညီကယ်ဆယ်ရေးသည် အခြားဒေသနည်းတူ အင်းလေးဒေသဆီကို ရောက်ရှိခြင်းမရှိဘဲ ၎င်းတို့အနေဖြင့် ချပြစရာ တစ်ခုအဖြစ် ရေဘေးသင့် ဒေသများရှိ တစ်နေရာကိုသာ ဝင်လေ့ရှိပြီး လက်ရှိတွင် အလှူရှင်မရောက်သော ကျေးရွာများ ရှိနေသေးကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူ မအိဇင်က (အမည်လွှဲ) က ဆိုသည်။
“အခုလက်ရှိ အနေအထားမှာလဲ ကျေးရွာအုပ်ချုပ်ရေးတွေက ကော်မတီဖွဲ့ပြီး ရေသန့်ရရှိရေးတွေ လုပ်နေတာရှိပေမယ့် ဒါကလဲ ခရီးရောက်မှု အရမ်းနည်းပါတယ်။ ရေဘေးသင့်သွားတာက ရွာပေါင်းမနဲတော့ အခုထိ အလှူရှင်မရောက်တာတွေက ရှိနေတုန်းပါ။ စစ်ကောင်စီ ကူညီကယ်ဆယ်ရေးဆိုတာ အရေးမပါပါဘူး” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရေဘေးသင့် ဒေသများအတွက် မြန်မာပြည်ရှိ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်များအပါအဝင် အလှူရှင်များက စုစုပေါင်းငွေကျပ် ၃၂ ဒသမ ၂ ဘီလီယံကျော် လှူဒါန်းသည်ဟုဆိုကာ အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို နေပြည်တော်၌ စက်တင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့ပြီး ယင်းပမာဏသည် မျှော်မှန်းသည်ထက် အလွန်များသည်ဟု စစ်ခေါင်းဆောင်က ပြောဆိုခဲ့ကြောင်း သိရသည်။
“ဒီဟာတွေက ရှင်းရှင်းပြောရရင် တကယ်ထိထိမိမိ ပြည်သူတွေဆီ ရောက်မှာမဟုတ်ဘဲနဲ့ သူတို့တွေပဲ လိုအပ်သလို သုံးပြီးတော့ ပြည်သူတွေကို ဆက်ဒုက္ခပေးမယ်လို့ မြင်တယ်။ ကူညီနေပေးတဲ့ ပရဟိတ အသင်းအဖွဲ့တွေကိုလည်း ပိတ်ပင်တားဆီး အကျိုးအမြတ် ထုတ်တာတွေလည်း မြင်တွေ့နေရတယ်” ဟု အမည်ဖော်ပြခြင်းမရှိသည့် NLD အမတ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြန်မာနိုင်ငံတွင် ရေကြီးပြီးနောက် ၁၀ ရက်အကြာ ပဲခူး၊ ကရင်နီ၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ နေပြည်တော်၊ ရခိုင်၊ စစ်ကိုင်း၊ ရှမ်းအရှေ့ပိုင်းနှင့် တောင်ပိုင်း စသည်တို့ရှိ ၆၅ မြို့နယ်၌ ရေဘေးသင့် ပြည်သူ ခန့်မှန်းလူဦးရေ ၈၈၇,၀၀၀ ခန့်ရှိပြီး သေဆုံးသူ ၃၀၀ ကျော်နှင့် ထိခိုက်ဒဏ်ရာ ရရှိမှုရှိကြောင်း UNOCHA Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။
“စစ်ကောင်စီက ဒီဘက်တော့ လာလှူတာ မရှိဘူး။ သူတို့တွေရဲ့ လုပ်ရပ်ကိုလဲ ဘယ်သူမှ မယုံဘူးလေ။ ဘယ်နေရာမှလဲ ထိရောက်မူဆိုတာ မရှိဘူး။ သူတို့ ကယ်နေတယ်ဆိုတဲ့ နေရာက နေပြည်တော်မှာ တင်ပဲတွေ့တယ်။ တစ်ကယ်ဖြစ်တဲ့ နေရာတွေမှာ လာတာမတွေ့မိဘူး” ဟု ဝမ်းတွင်းမြို့ ရေဘေးသင့် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ရေဘေးသင့် ဒေသများသို့ အလှူရှင်များ လာရောက်လှူဒါန်းပါက ၎င်းတို့နှင့်သာ ချိတ်ဆက်ရမည်ဟု ခြိမ်းခြောက်ကာ တားဆီးပိတ်ပင်၊ ဖမ်းဆီးမှုများ ရှိနေပြီး တော်လှန်ရေး အင်အားစုများ စိုးမိုးနယ်မြေရှိ ရေဘေးသင့် ကျေးရွာများကိုလည်း ကူညီရေးပစ္စည်းများ မရောက်ရှိ အောင် နည်းမျိုးစုံဖြင့် လုပ်ဆောင်နေကြောင်း သိရသည်။
ဓာတ်ပုံ-စစ်ကောင်စီ
#စစ်ကောင်စီ #ရေဘေးကူညီကယ်ဆယ်ရေး #အလှူခံနေ #ကူညီရေး #ထိရောက်စွာလုပ်ဆောင်ခြင်းမရှိ #Ayeyarwaddy_Times