
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၄ ရက်
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း စစ်ကောင်စီက ခြံစည်းရိုး ခတ်ရန် ပြင်ဆင်နေကြောင်း သိရသည်။
စစ်ကောင်စီသည် ယခု စက်တင်ဘာ တတိယပတ်မှစတင်ကာ ကျောက်ဖြူမြို့ ငလပွေ့ရပ်ကွက်မှစ၍ မြို့အစွန် ဂုံးချွိန်ကျေးရွာအထိ ခြံစည်းရိုးခတ်ရန်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။
“AAရေကြောင်းကနေ မလာအောင်ခတ်တယ် ထင်တယ်။ ဂုံးချွိန်ကလည်း ဖေဖော်ဝါရီလထဲမှာ တိုက်ပွဲ နှစ်ကြိမ်လောက်ဖြစ်ထားတာ ရှိတော့ အဲဒီ့အထိ ကာရံသွားမယ်တဲ့။ မြို့နေပြည်သူတွေအတွက်တော့ အနေကျပ်မှာပဲ။ ငါးဖမ်းလုပ်ငန်းတွေလည်း အခက်အခဲဖြစ်မှာ” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ကျောက်ဖြူမြို့ ကျောက်တစ်လုံးစစ်ဆေးရေးဂိတ်နှင့် ပြင်ဖြူမော်ကျေးရွာတို့တွင် ခြံစည်းရိုး ကာရန်အတွက် သဲ၊ ကျောက်များကို ပုံထားကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီက ကျောက်ဖြူမြို့နယ်တွင်သာမက စစ်တွေနှင့်မာန်အောင်မြို့နယ်များကိုပါ ခုခံစစ်အတွက် ပြင်ဆင်နေပြီး ပြီးခဲ့သည့် ဩဂုတ် ၁၀ရက်နေ့က စစ်တွေကမ်းနားတစ်လျှောက်ကို ခြံစည်းရိုးခတ်ခဲ့ ကြောင်း သိရသည်။
မာန်အောင်မြို့တွင်လည်း ရေတပ်စခန်းချရာ အနီးရှိ ခအုံးမော်၊ ကံတိုင်းအုပ်ကျေးရွာအနီးလယ်ကွင်းနှင့် ကမ်းစပ်များအပါအဝင် ဂုံးကောက်ကမ်းခြေတို့တွင် မြေမြှုပ်မိုင်းများထောင်ထားကြောင်း သိရသည်။
ယခုစစ်ကောင်စီ ခြံစည်ရိုးခတ်ရန်ပြင်ဆင်နေသည့် ကျောက်ဖြူမြို့နယ်တွင် ခလရ ၃၄၊ ခမရ ၅၄၂ ၊ ခမရ ၅၄၃တို့ရမ်းဗြဲကျွန်းပေါ်တွင်တည်ရှိပြီး ရေလက်ကြားတစ်ဖက်ရှိ ဒိုးတောင်တွင် လုံခြုံရေးတပ်ဖွဲ့ ၃၂ တို့ရှိကာ သစ်ပုတ်တောင်တွင် ဓညဝတီရေတပ်စခန်းဌာနချုပ်အထိုင်ချ၍ ရေတပ်ဌာနချုပ်ထဲတွင် တပ်ပေါင်း ၁၇ တပ်ရှိကြောင်း သိရသည်။
ထို့အပြင် ရေတပ်ဌာနချုပ်လက်အောက်တွင် အမှတ် ၇ ရေငုပ်သင်္ဘော အခြေစိုက်စခန်းများပါရှိကြောင်း သိရသည်။
#ရခိုင် #ကျောက်ဖြူ #စစ်ကောင်စီ #ခြံစည်ရိုးခတ် #Ayeyarwaddy_Times