
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၄ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာတွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။
ယမန်နေ့ စက်တင်ဘာ ၂၃ရက်နေ့တွင် တိုက်ပွဲဖြစ်ပွား၍ စစ်ရှောင်သွားကြသည့် ငှက်ပျောတော ရပ်ကွက်မှ နေအိမ်အချို့ဖောက်ထွင်း ခိုးယူခံရကြောင်း ဒေသခံများထံက သိရသည်။
“ရပ်ကွက် (၃) နဲ့ (၄)က ဗုံးဒဏ်လွတ်လို့ ရှားရှားပါးပါး ကျန်ခဲ့တဲ့ အိမ်တချို့ရယ်၊ ငှက်ပျောတောရပ်ကွက်နဲ့ ယူမာက အိမ်တချို့ရယ် အဖောက်ခံရတယ်။ စစ်ရှောင်ရမှာမို့သာ ထွက်လာကြတာ။ ဆေးစွဲနေတဲ့ သူတွေက အနောက်မှာ အိမ်တက်ဖောက်တယ်။ တကယ့်မြေပြင်အခြေအနေက တက်လာတဲ့ သတင်းတွေ ထက်အများကြီးဆိုးပါတယ်” ဟု မှော်စီစာကျေးရွာမှ ဒေသခံအမျိုးသမီး တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဆိုင်းတောင်ကျေးရွာ ရပ်ကွက် (၄) ရှိ Lucky Men Hotelတွင် တပ်စွဲနေရာယူထားသည့် အင်အား ၆၀ခန့်ရှိ စစ်ကောင်စီတပ်ကို KIA က ပိတ်ဆို့တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကြောင်း သိရသည်။
စစ်ကောင်စီက ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က စတင်ဖြစ်ပွားခဲ့သည့် ဆိုင်းတောင်တိုက်ပွဲတွင် လေကြောင်းမှ လေးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ရပ်ကွက် (၃)၊ ရပ်ကွက် (၄) ၊ ငှက်ပျောတော၊ ယူမာ၊ ဖားပြင် စသည့်ရပ်ကွက်များ ထိခိုက်ဆုံးရှုံးမှုများပြီး တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များ ထိမှန်၍ လူ ၃၀ခန့် သေဆုံးကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားအပြီး စက်တင်ဘာ ၈ရက်နေ့မှစ၍ ဆိုင်းတောင်နှင့် ဖားကန့်မြို့ပေါ်ရှိပြည်သူများ စစ်ပွဲလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။
KIA သည် တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ဆိုင်းတောင်ရဲစခန်းနှင့် ဥရုချောင်းအနောက်ဖက် ဆန်းကြွယ် မှော်ရှိ စေတီကုန်းတွင်တပ်စွဲထားသော စစ်ကောင်စီစခန်းတို့ကို သိမ်းပိုက် ရရှိထားကာ စစ်ကောင်စီ၏ ဖားကန့်ဗျူဟာကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး Lucky Men Hotel ရှိ စစ်ကောင်စီတပ်ကို ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
ပုံစာ-စက်တင်ဘာ ၁၂ရက်နေ့တွင် ဆိုင်းတောင်ကို စစ်ကောင်စီကဗုံးကြဲထား၍ နေအိမ်အချို့မီးလောင်နေစဉ်
#ကချင် #ဖားကန့် #ဆိုင်းတောင် #တိုက်ပွဲဖြစ် #စစ်ရှောင်နေအိမ် #ဖောက်ထွင်းခိုးယူခံရ #Ayeyarwaddy_Times