ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၄ ရက်

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့တွင်းနေရာများတွင် ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ကစတင်၍ ပြည်သူ့လုံခြုံရေး စစ်သင်တန်းရက်တိုပြီးဆုံးသူများကိုလက်နက်တပ်ဆင်ပေးကာ စစ်ကောင်စီတပ်နေရာတွင်အစားထိုး ကင်းလှည့်ပတ်ရန်အတွက်အသုံးပြုလာကြောင်း မြို့ခံများထံကသိရသည်။

ရက်တိုပြည်သူ့လုံခြုံရေးစစ်သင်တန်းပြီးဆုံးသူ လူလတ်ပိုင်းအရွယ်အမျိုးသား ၃၀ ဦးထက်မနည်းကို စက်တင်ဘာလ ၂၂ရက်နေ့ ညပိုင်းကစ၍ ဟင်္သာတမြို့နယ်ရဲစခန်းတွင် လူစုစည်းကာ လက်နက် တပ်ဆင်ပေး၍ မြို့တွင်းရှိ ရပ်ကွက် နေရာများအလိုက် စစ်ကောင်စီတပ်အစားထိုး လှည့်ကင်းပတ် လုပ်ဆောင် လာကြောင်း မျက်မြင်တွေ့ရှိရသည့် မြို့ခံများထံကသိရသည်။

“ တစ်လောက ပြည်သူ့လုံခြုံရေးစစ်သင်တန်းဆင်းသွားတယ်။ အခု အဲ့လူတွေကို သေနတ်တွေ ပေးပြီးတော့ရပ်ကွက်ထဲကိုလှည့်ကင်းတွေလိုက်ပတ်ခိုင်းနေတာတွေ့ရတယ်။ စစ်တပ်ကမပါလာဘူး။ ရဲရယ်၊ မီးသတ်ရယ်၊ ပျူတွေရယ်နဲ့ သူတို့ရယ်ပဲ။ အင်အားတော့များတယ်”ဟု မျက်မြင်တွေ့ရှိခဲ့သည့် မြဝတီရပ်ကွက် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် မြို့တွင်းနေရာအနှံ့ ယာဉ်စည်းကမ်းထိန်းသိမ်းရေး အကြောင်းပြကာ ဖမ်းဆီးစစ်ဆေးမှုအတွင်း ပြည်သူ့လုံခြုံရေးစစ်သင်တန်းဆင်းထားသူများက ယာဉ်များကိုစစ်ဆေး၍ ငွေကြေးအတင်းအကျပ် တောင်းခံမှုများရှိနေကြောင်းကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် မြို့ခံများထံကသိရသည်။

“ဆိုင်ကယ်လိုင်စင်အစစ်ခံရတာ။ ယာဉ်မောင်းလိုင်စင်လည်းပါတယ်။ အကုန်ပါတယ်ဆိုတာကိုမရဘူး။ အတင်းပိုက်ဆံတောင်းခံရတာ။ နှစ်သောင်းပေးလိုက်ရတယ်။ အချို့ဆို သုံးသောင်း ကနေ တစ်သိန်းအထိ အတောင်းခံရတာတွေပါရှိနေတယ်” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ဥယျာဉ်တောင်ရပ်ကွက်ဒေသခံ တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဟင်္သာတမြို့နယ်တွင် ပြီးခဲ့သည့်စက်တင်ဘာလပထမအပတ်အတွင်း မြို့တွင်း ရပ်ကွက်နေရာအလိုက် အသက်၃၅နှစ်မှ ၆၅နှစ် အရွယ်ကြားရှိ အမျိုးသားများကို ပြည်သူ့လုံခြုံရေးစစ်သင်တန်း တက်ရောက်ရန် အတွက် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှစာရင်း‌ကောက်ယူခဲ့သည်။

ထို့အတူ သင်တန်းပထမအပတ်စဉ်အဖြစ် အမျိုးသား ၅၀ ဦးဝန်းကျင်ကို ဟင်္သာတအခြေစိုက်ခလရ-၁၈ တပ်ဝန်းအတွင်း၌ စက်တင်ဘာ ၇ ရက်နေ့မှ၂၁ရက်နေ့အထိ အချိန်နှစ်ပတ်ကြာ စစ်သင်တန်းပေးခဲ့ကာ ထပ်မံသင်တန်းဖွင့်လှစ်ရန်ဆောင်ရွက်နေကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံက သိရသည်။

#ဟင်္သာတ #ပြည်သူ့လုံခြုံရေး #စစ်သင်တန်းရက်တို #စစ်ကောင်စီ #လက်နက်တပ်ဆင် #ကင်းလှည့်ပတ် #အသုံးပြု #Ayeyarwaddy_Times