
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၄ ရက်
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြို့သာရဲစခန်းမှ ကားဖြင့်ထွက်လာသည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် သုံးဦးသည် ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက် နေ့လယ် ၂နာရီ ၃၀ မိနစ်က ကြားဖြတ် တိုက်ခိုက်ခြင်း ခံခဲ့ရကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီလက်အောက်ခံ မြို့သာစစ်ကြောရေးမှူးနှင့် ရဲတပ်သားတစ်ဦး သေဆုံးခဲ့ပြီး ရဲတပ်သားတစ်ဦးမှာ အပြင်းထန်ဒဏ်ရာရရှိသွားကြောင်း မြင်းခြံခရိုင် အထူးစစ်ဆင်ရေး (MDSO) ထံက သိရသည်။
“မြို့သာရဲစခန်းကနေ မင်းနေကုန်းရဲစခန်းသွားတာ။ ကားပေါ်မှာ ရဲကသုံးဦးပါတယ်။ အရာရှိတစ်ဦးနဲ့ ရိုးရိုးရဲတပ်သား နှစ်ဦးပါ။ မင်းနေကုန်း ရဲစခန်းအနီးလမ်းတစ်ခုလပ်မှာ ကြိုတင်စောင့်ဆိုင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာ၊ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့ပါတယ်”ဟု HERO DEFENCE FORCE (မြင်းခြံ) တပ်ဖွဲ့မှ တာဝန်ခံ စစ်သူကြီးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထိုသို့ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ရာတွင် G3 ကျည်ဆံ ၃၇၄တောင့်၊ G3 ကျည်ဘောက် နှစ်ခုနှင့် အခြား စစ်အသုံးအဆောင်ပစ္စည်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
မြင်းခြံခရိုင် အထူးစစ်ဆင်ရေး (Myingyan District Special Operation-MDSO) ကို HERO DEFENCE FORCE (မြင်းခြံ) နှင့် MGN (TIGER) ညီနောင်မဟာမိတ် နှစ်ဖွဲ့တို့မှ ပူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း HERO DEFENCE FORCE (မြင်းခြံ) တပ်ဖွဲ့ တာဝန်ခံထံက သိရသည်။
#မြို့သာရဲစခန်း #ရဲကားတိုက်ခိုက်ခံရ #စစ်ကြောရေးမှူး #ရဲ၂ဦးသေဆုံး #လက်နက်ခဲယမ်းများ #သိမ်းဆည်းရမိ #Ayeyarwaddy_Times