အယိုက်လင်း/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၄ ရက်

ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ ဘဏ်များတွင် ငွေသားများ ပြတ်လက်နေသည့်အတွက် ၅ လကြာထိ ထုတ်ပေးနိုင်ခြင်းမရှိသည့် ပင်စင်လစာများကို ယမန်နေ့ စက်တင်ဘာလ ၂၃ ရက်နေ့တွင် စစ်ကောင်စီက လူဦးရေအကန့်အသတ်ဖြင့် ပြန်လည်ထုတ်ပေးနေကြောင်း ဒေသခံများထံက သိရသည်။

တီးတိန်မြို့ရှိ အစိုးရဝန်ထမ်း အငြိမ်းစား ပင်စင်လစာများသည် စစ်တပ်အာဏာမသိမ်းခင်က ဗဟိုဘဏ်တွင် ထုတ်ယူရသော်လည်း အာဏာသိမ်းပြီးနောက် မြို့မရဲစခန်းတွင် ထုတ်ယူရပြီး ယခုအခါ စစ်ကောင်စီ၏ ခလရ-၂၆၉ တပ်ရင်းတွင် ထုတ်ယူရခြင်းဖြစ်သည်။

အဆိုပါ ပင်စင်လစာ ထုတ်ယူရာတွင် စစ်ကောင်စီက ၁ ရက်လျင် လူဦးရေ ၁၀၀ နှုန်းသာ ခွင့်ပြုကာ ငွေထုတ်မည့်သူနှင့် အဖော်တစ်ဦး စုစုပေါင်း နှစ်ဦးသာ စစ်ကောင်စီ၏ ခလရ ၂၆၉ တပ်ရင်းသို့ ဝင်ခွင်ရပြီး ထုတ်ယူမည့်သူ၏ မှတ်ပုံတင်များ ယူဆောင်လာရကြောင်း သိရသည်။

“တစ်မြို့နယ်လုံးအတွက် ၁ရက်ကို အယောက် ၁၀၀ စီ ထုတ်ပေးတယ်။ ငွေထုတ်ပေးတဲ့ခါ တုံကင်စနစ်နဲ့ ထုတ်ပေးတာပါ။ သန်ဘက်ခါအထိ တုံကင်က ကုန်နေပြီ။ မထုတ်ရသေးတဲ့ အရင်လတွေပါ တခါတည်းထုတ်ပေးတယ်။ လစာ လတိုင်းထုတ်တဲ့လူဆို လေးလစာ အကုန်ရတယ်” ဟု တီးတိန် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တီးတိန်မြို့ရှိ အစိုးရဝန်ထမ်း အငြိမ်းစားများသည် ယခုနှစ် ဧပြီလထိသာ ထုတ်ခွင့်ယူရပြီး မေလကစ၍ ပင်စင်လစာများကို ထုတ်ယူနိုင်ခြင်းမရှိတော့ဘဲ ရပ်ဆိုင်းခဲ့ရသည်။

ထို့အပြင် တီးတိန်မြို့တွင် ယခုနှစ် မေလ နောက်ဆုံးပတ်ကစတင်၍ စစ်ကောင်စီနှင့် ချင်းညီနောင်တို့ကြား တိုက်ပွဲများ ပြင်းထန်ခဲ့သော်လည်း ယခုအခါ တိုက်ပွဲများ ငြိမ်သက်နေပြီး စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားများအားလုံး ပြန်လည်လည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ်မြို့တော် ဟားခါးအပါအဝင် တီးတိန်၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်း၊ ခမ်းပတ်၊ ထန်တလန် စသည့်မြို့များတွင် စစ်ကောင်စီက ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးယန္တရားများ လည်ပတ်နေဆဲ ဖြစ်ကြောင်း သိရသည်။

#တီးတိန်မြို့ #၅လကြာထုတ်ပေးနိုင်ခြင်းမရှိ #ပင်စင်လစာများ #လူဦးရေအကန့်အသတ် #ပြန်လည်ထုတ်ပေး #Ayeyarwaddy_Times