ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၄ ရက်

ရှမ်းမြောက်၊ မူဆယ်မြို့ရှိ မင်္ဂလာမူဆယ်လမ်းလျှောက်ဈေးနှင့် အဆင့်မြင့်အိမ်ရာအတွင်းသို့ စစ်ကောင်စီတပ်က ကျားဖြန့်လုပ်ဆောင်သူများကို ဝင်ရောက်ဖမ်းဆီးစဉ် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ယမန်နေ့ စက်တင်ဘာ ၂၃ ရက်နေ့ နံနက်အစောပိုင်းမှ စတင်ပြီး မူဆယ်မြို့ကို အထွက်ပိတ်ဆို့ထားပြီး ကျားဖြန့်လုပ်ငန်း လုပ်ဆောင်သူများအား လိုက်လံဖမ်းဆီးနေခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်က ကျားဖြန့်လုပ်ငန်းများ လုပ်ဆောင်နေသူများကို မင်္ဂလာမူဆယ်ဘက်သို့ ဝင်ရောက်၍ ဖမ်းဆီးရာတွင် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“နေ့လယ်လောက်ဖြစ်မယ် ပစ်ခတ်သံတွေကြားရတာ။ စစ်တပ်က ကျားဖြန့်တွေကို လိုက်ဖမ်းတာ။ စီမံချက်နဲ့။ ကျားဖြန့်လုပ်တဲ့အဖွဲ့က လုံခြုံရေးပေးနေတဲ့သူတွေက ပြန်ပစ်တာ။ မနေ့ကအစောပိုင်း ကစပြီး မူဆယ်ကို ပန်ခမ်းတံတားမှာ အဝင်ပဲဖွင့်ထားပြီး အထွက်ကိုပိတ်ထားတာ။ စစ်တပ်ဘက်က ရင်းမှူး ထိသွားတယ်လို့ကြားတယ်”ဟု မူဆယ်ဒေသခံက ဧရာဝတီတိုင်းမ်ကို ‌ပြောသည်။

ကျားဖြန့်များကို လိုက်လံဖမ်းဆီးမှုသည် တရုတ်အစိုးရ၏ ဖိအားပေးမှုကြောင့်သာ ဖမ်းဆီးခြင်း ဖြစ်ကြောင်းနှင့် စစ်ကောင်စီတပ်က တပ်မမှူးများကိုယ်တိုင် ကျားဖြန့်လုပ်ကိုင်နေသူများထံမှ ငွေကြေးများ တောင်းယူကာ လက်ဝါးရိုက်နေထိုင်ကြကြောင်း ဒေသခံများထံက သိရသည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်မှ ခလရ ၆၈ မှတပ်ရင်းမှူးဆိုသူ ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သတင်းရင်းမြစ်ထံက သိရသော်လည်း ဧရာဝတီတိုင်းမ်အနေဖြင့် အခြေအနေ အသေးစိတ် ကို ဆက်လက်စုံစမ်းလျက်ရှိသည်။

လက်ရှိတွင် ကျားဖြန့်လုပ်ငန်း လုပ်ဆောင်သူများကို စစ်ကောင်စီမှ ဝင်ရောက်ဖမ်းဆီးရာတွင် တရုတ်နိုင်ငံသားများအပါအ၀င် ၇၀၀ ကျော်ကို ဖမ်းဆီးရမိ ထားကြောင်း သိရသည်။

#ရှမ်းမြောက် #မူဆယ် #ကျားဖြန့် #‌စစ်ကောင်စီ #ဖမ်းဆီး #နှစ်ဖက် #အပြန်အလှန် #ပစ်ခတ်မှုဖြစ်ပွား #Ayeyarwaddy_Times