
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၄ ရက်
အင်းစိန်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားအချို့ကို အမှုစစ်ဆေးခြင်းမပြုဘဲ သေဒဏ်ချမှတ်ကာ ကွပ်မျက်မည့်သတင်းများအပေါ် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)က အနီးကပ် စောင့်ကြည့်နေကြောင်း ယနေ့ စက်တင်ဘာ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
တရားမျှတသည့် စစ်ဆေးစီရင်မှုဖြစ်စေရန် အခြေခံအကျဆုံးအချက်မှာ အမျိုးသားလုံခြုံရေးကို ထိခိုက်နိုင်သည့် အကြောင်းတစ်စုံတစ်ရာရှိသည်မှလွဲ၍ အများပြည်သူရှေ့မှောက်တွင် အတတ်နိုင်ဆုံး စစ်ဆေးစီရင်ရန်ဖြစ်ပြီး တရားမျှတသည့် အမှုစစ်ဆေးစီရင်မှုများကို မကျင့်သုံးဘဲ သေဒဏ်ချမှတ်ခြင်း၊ အချိန်တစ်ခုအထိ ချုပ်နှောင်ထားခြင်းသည် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု သို့မဟုတ် စစ်ရာဇဝတ်မှု မြောက်ကြောင်း IIMM ကထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်း၊ အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်မှ စတင်ကာ ကြိုးပေးကွပ်မျက်မည့်သတင်းများထွက်ပေါ်လာပြီး ယမန်နေ့ စက်တင်ဘာ ၂၃ ရက်နေ့တွင် အင်းစိန်ထောင်ကို ဗုံးခွဲသည့်စွပ်စွဲချက်ဖြင့် သေဒဏ်ချမှတ်ခြင်းခံထားရသည့် လင်မယား နှစ်ဦးကို ကြိုးပေးကွပ်မျက်ခဲ့ကြောင်း သတင်းများဆက်တိုက်ထွက် ပေါ်ခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ စုံစမ်းစစ်ဆေးတဲ့ သတင်းရင်းမြစ်အရသတင်းအရ ဒီသတင်းက မှန်ကန်တာမျိုးမရှိပါဘူး။ မနေ့မနက်ခင်းက လင်မယားနှစ်ယောက်ကို သေဒဏ်ပေးတယ်ဆိုတာရော ဒီနေ့မနက် သေဒဏ် ပေးတာရော ကျွန်တော်တို့အနေနဲ့ စုံစမ်းသိရှိရသလောက်ကတော့ မရှိဘူး။ သူတို့ဘက်က စိတ်ဓာတ် စစ်ဆင်ရေးတွေ လုပ်နေတာလဲ ဖြစ်နိုင်တယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်(PPNM) တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် တရားမျှတသည့် အမှုစစ်ဆေးစီရင်မှု အခြေခံအချက်များကို ချိုးဖောက်ပြီး သေဒဏ်ချမှတ် ခံထားရသူများနှင့် ၎င်းတို့ကို တရားစွဲဆိုထားသည့်အမှုများကို IIMM အနေဖြင့် စောင့်ကြည့်နေပြီး အချက်အလက်များ စုဆောင်းနေကြောင်းလည်း ထုတ်ပြန်ထားသည်။
IIMM မှ ရရှိထားသည့် အချက်အလက်များအရ အင်းစိန်ထောင်၌ ၂၀၂၃ ခုနှစ်အတွင်း လျှို့ဝှက်စွာ အမှုစစ်ဆေးပြီး သေဒဏ်ချမှတ်ထားသူများမှာ စစ်ကောင်စီ၏ ကွပ်မျက်မှုကို ကြုံတွေ့ရနိုင်ကြောင်း လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းကာလအတွင်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၃ ရက်နေ့က နိုင်ငံရေး အကျဉ်းသားများဖြစ်သည့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသာ်၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့ကို ကြိုးပေးကွပ်မျက်ခဲ့ပြီး ၎င်းမှာ စစ်တပ်၏ နိုင်ငံရေးလှုပ်ရှားသူများအပေါ် ချမှတ်သည့် ထင်ရှားသည့် သေဒဏ်စီရင်မှုတစ်ခုလည်း ဖြစ်သည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#သေဒဏ် #စစ်ကောင်စီချမှတ် #အင်းစိန်ထောင် #IIMM #နိုင်ငံရေးအကျဉ်းသား #Ayeyarwaddy_Times