
ဧရာဝတီတိုင်းမ်
စင်တင်ဘာ ၂၄ ရက်
ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသော မြို့နယ်များရှိ ကယ်ဆယ်ရေးစခန်းအပါအဝင် ကျောင်းများနှင့်ရပ်ကွက်များတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါတုံ့ပြန်ကာကွယ်ဆေး (OCV) တိုက်ကျွေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဆေးကို အသက် တစ်နှစ်အထက် ကလေး၊ လူကြီးတိုင်းသောက်နိုင်ပြီး ယမန်နေ့ စက်တင်ဘာ ၂၃ ရက်နေ့က ရန်ကုန်တိုင်းရှိ သန်လျင်မြို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေးတိုက်ကျွေးကြောင်းသိရသည်။
” သောက်ဆေး တစ်လုံးပဲသောက်ရတယ်။ ဆေးသောက်ပြီးသူရဲ့ ကိုယ်ရေးအချက်အလက် မှတ်တမ်းစာရွက်ရတယ်” ဟု သန်လျင်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောကြားသည်။
အဆိုပါကာကွယ်ဆေးတိုက်ကျွေးရာတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားဖူးသည့်မြို့နယ်များရှိ စာသင်ကျောင်း၊သင်တန်းကျောင်း၊ ဘာသာရေးကျောင်းများအပါအဝင် ဘိုးဘွားရိပ်သာများ၊ ကယ်ဆယ်ရေးစခန်းများ၊ ဈေးများ၊ အကျည်းထောင်နှင့် အလုပ်ရုံများကို ဦးတည်၍ အုပ်စုအလိုက် ဆေးတိုက်ကျွေးမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနထံက သိရသော်လည်း မည်သည့်ကယ်ဆယ်ရေးစခန်းများတွင် တိုက်ကျွေးမည်ဆိုသည်ကို ရှင်းလင်းစွာဖော်ပြထားခြင်းမရှိပေ။
လက်ရှိ ရေကြီးရေလျှံဖြစ်ပွားခဲ့သည့် မြို့နယ်များတွင် ရေအရင်းအမြစ်နှင့်ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် နောက်ဆက်တွဲကျန်းမာရေးပြဿနာဖြစ်သည့် ဝမ်းပျက်ဝမ်းရောဂါအတွက် တုံ့ပြန်ကာကွယ်ဆေးတိုက်ကျွေးမည့် အစီအစဉ်ပါဝင်ခြင်းမရှိသည်ကို တွေ့ရသည်။
ရခိုင်ပြည်နယ်၊ ပေါက်တောနှင့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုကြောင့် ကလေးငယ်နှင့် လူကြီးသေဆုံးမှုများရှိကြောင်း ဒေသခံများထံက သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ တဆင့် အမေရိကန်ဒေါ်လာ လေးသန်းကျော်တန်ဖိုးရှိသော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရာဂါတုံ့ပြန်ကာကွယ်ဆေး ၂,၄၅၁,၈၆၇ doses ကို စက်တင်ဘာ ၁၉ ရက်နေ့တွင် စစ်ကောင်စီရရှိခြင်းဖြစ်သည်။
လက်ရှိနှင့်တစ်ပတ်အတွင်းဖျားနာနေသူများအပါအဝင် လက်ရှိနှင့်တစ်ပတ်အတွင်းဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်နေသူများပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (OCV) ကိုရက်ရွှေ့သောက်နိုင်ပြီး ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်များနှင့် ကာကွယ်ဆေးတစ်မျိုးမျိုးဖြင့်ဓာတ်မတည့်သူများမသောက်သင့်ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာသည်။
ထို့ပြင်ကာကွယ်ဆေးသောက်သုံးပြီး လူအနည်းငယ်သည် ခေါင်းကိုက်ခြင်း၊ ဝမ်းလျှောခြင်း၊ အန်ခြင်း၊ ဗိုက်နာခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ ပျို့ခြင်း၊ ဖျားခြင်း၊ မူးဝေခြင်း၊ ကြွက်သားများနာခြင်း၊ မောပန်းနွမ်းနယ်ခြင်းနှင့် အရေးပြားတွင် အနီစက်များပေါ်လာခြင်းတို့စသည့် လက္ခဏာအချို့ခံရနိုင်ကြောင်းပါဝင်သည်။
ပြီးခဲ့သည့် ဇွန်လတွင် ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါစတင်ဖြစ်ပွားကာ ပြင်းထန်ဝမ်းပျက်ဝမ်းရောဂါ ( ကာလဝမ်းရောဂါပိုး cholerae) ဖြစ်ပွားသူ ထောင်နှင့်ချီရှိပြီး ယင်းရောဂါဖြင့်သေဆုံးသူအချို့ရှိကြောင်း သိရသည်။
ဓာတ်ပုံ – MOI ၊ ဧရာဝတီတိုင်းမ်
#ပြင်းထန်ဝမ်းပျက်ဝမ်းရောဂါ #တုံ့ပြန်ကာကွယ်ဆေး #တိုက်ကျွေး #အသက်တစ်နှစ်ထက်ကလေး #လူကြီး #Ayeyarwaddy_Times