
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၄ ရက်
တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲကွပ်ကဲမှုအောက် ပဲခူးတိုင်းအတွင်းရှိ မြို့နယ်များတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အမည်ခံကာ လုပ်ငန်းရှင်များထံမှ ဆက်ကြေးကောက်ခံနေသည့် ခြိမ်းခြောက်စာအတုများနှင့် ပတ်သက်ပြီး အဆိုပါ ခြိမ်းခြောက်စာများမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များထံမှ တောင်းခံခြင်း မဟုတ်ကြောင်း ယနေ့ စက်တင်ဘာ ၂၄ ရက်နေ့တွင် မှတ် (၂) စစ်ဒေသခွဲက ငြင်းဆို ထုတ်ပြန်ထားသည်။
ဆက်ကြေးတောင်းသည့် ခြိမ်းခြောက်စာများသည် တော်လှန်ရေးအဖွဲ့က ပေးပို့သည့်ပုံစံဖြင့် ရေးသားကာ ပြည်၊ ပဲခူး၊ တောင်ငူ မြို့များမှ ရတနာလုပ်ငန်းရှင်များကို ဦးတည်ကာပေးပို့နေခြင်းဖြစ်ပြီး လိုက်နာခြင်းမရှိသူများကို ပစ်ခတ်ရှင်းလင်းသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်းလည်း ရေးသား ထားသည်။
၎င်းစာများမှာ အမှတ်(၂)စစ်ဒေသခွဲ ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်း၊ စစ်ကြောင်း များနှင့် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) များ၏ လုပ်ဆောင်ချက် မဟုတ်ဘဲ စစ်ကောင်စီက ၎င်းတို့လက်ပါးစေ အဖွဲ့အစည်းများကို အသုံးပြု၍ တော်လှန်ရေးကို ပုံဖျက်ခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“အဓိကကတော့ အမှတ်(၂) စစ်ဒေသခွဲဆိုတာက စစ်တောင်းမြစ်ဝှမ်းစိုးမိုးရေးလုပ်တာ တစ်နှစ်နဲ့ဆယ်လ လောက်ရှိသွားပြီပေါ့နော်။ နောက်တစ်ချက်က မင်းအောင်လှိုင်ရဲ့ သတင်းစကားမှာလည်း မဟာမိတ် KNLA နဲ့ပူးပေါင်းပြီးတော့ ကျွန်တော်တို့PDFတွေက စိုးမိုးရေးလုပ်ငန်းတွေကို လုပ်ဆောင်တယ်။ ပဲခူး ရန်ကုန်ကိုလည်း ခြိမ်းခြောက်တယ်ဆိုပြီး တရားဝင်အသိပေးပြောဆိုတာမျိုးတွေရှိတော့ ကျွန်တော် တို့ကို နည်းမျိုးစုံနဲ့ပုံဖျက်ဖို့ကြိုးစားတယ်လို့ မြင်ပါတယ်။ အဓိကကတော့ ကျွန်တော်တို့ကို ပြည်သူလူထု ယုံကြည်မှုနည်းပါးအောင် သပ်လျှိုသွေးခွဲတယ်။ ဝါဒမှိုင်းတွေ ဖြန့်တယ်လို့ ကျွန်တော်တို့ယုံကြည် ပါတယ်” ဟု အမှတ်(၂)စစ်ဒေသခွဲ ပြန်ကြားရေးတာဝန်ရှ်ိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စာလက်ခံရရှိသည့် လုပ်ငန်းရှင်ပြည်သူများအနေဖြင့်လည်း အမှတ်(၂)စစ်ဒေသခွဲလက်အောက်မှ တပ်ရင်း၊ တပ်ဖွဲ့များ ဟုတ်မဟုတ် စိစစ်နိုင်ရန် Facebook လူမှုကွန်ရက်စာမျက်နှာတွင် လာရောက် မေးမြန်း နိုင်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် ထိုသို့ခြိမ်းခြောက် ဆက်ကြေးကောက်ခံမှုများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သို့မဟုတ် အဖွဲ့ဝင် တစ်ဦးဦးမှ လုပ်ဆောင်ကြောင်း တွေ့ရှိပါကလည်း အမှတ်(၂)စစ်ဒေသခွဲအနေဖြင့် စစ်စည်းကမ်း ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဆိုထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#အမှတ်၂စစ်ဒေသ #ခြိမ်းခြောက်စာ #စစ်ကောင်စီဖြန့်ဝေ #Ayeyarwaddy_Times