
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၃ ရက်
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လားရှိုးမြို့ပေါ်ရှိ လူနေရပ်ကွက်များသို့ ဗုံးကြဲတိုက်ခိုက်သည့် စစ်ကောင်စီ၏ လုပ်ရပ်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မြှင့်တင်ရန်အတွက် ဆောင်ရွက်နေကြသူတို့၏ ကြိုးပမ်းမှုအားလုံးကို အလဟဿဖြစ်စေမည်မှာ သေချာသည်ဟု MNDAA က ထုတ်ပြန်သည်။
စက်တင်ဘာ ၂၁ ရက်နေ့ ညပိုင်းအချိန်တွင် စစ်ကောင်စီက လားရှိုးမြို့ပေါ်ကို လေကြောင်းမှ ပြင်းအားမြင့်ဗုံးများဖြင့် နှစ်ကြိမ်လာရောက် ကြဲချတိုက်ခဲ့ပြီးနောက် ယခုကဲ့သို့ တုန့်ပြန်လာခြင်းဖြစ်သည်။
ယခု လေကြောင်းတိုက်ခိုက်မှုသည် လားရှိုးမြို့ကို စစ်ကောင်စီလက်လွှတ်လိုက်ရကာ တိုက်ပွဲများငြိမ်သက်ပြီးနောက် လေးကြိမ်မြောက် တိုက်ခိုက်မှုလည်းဖြစ်သည်။
စစ်ကောင်စီ၏ပစ်မှတ်များသည် မြို့ပေါ်ရှိစာသင်ကျောင်းများနှင့် အခြားအများပြည်သူဆိုင်ရာ အဆောက်အအုံများ၊ လူနေရပ်ကွက်များကိုပါ ပစ်မှတ်ထားခြင်းဖြစ်ရာ ပြည်သူလူထု၏ အသက်အိုး အိမ်စည်းစိမ်ကို လျစ်လျူရှုပြီး လူ့အခွင့်အရေးကို နင်းချေသည့် ရက်စက်ကြမ်းကြုတ်သော အပြုအမူမျိုးသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကြိုးပမ်းနေသူ များအားလုံးကို အလဟဿဖြစ်စေမည်ဟု MNDAA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စက်တင်ဘာ ၂၁ ရက်နေ့ညပိုင်းက စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လားရှိုးမြို့ ရပ်ကွက် ၁၂ ရှိ အမှတ် ၃အခြေခံပညာအထက်တန်းကျောင်း မျက်နှာချင်းဆိုင်ရှေ့ လူနေအဆောက်အအုံပေါ်နှင့် ရပ်ကွက် ၁ ၏ ယခင်စည် ပင်သာယာဌာနရှေ့ လမ်းမပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။
ဗုံးများကျရောက်ပေါက်ကွဲပြီးနောက် လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီ၊နယ်မြေခံရဲဌာနနှင့် အခြားဌာနဆိုင်ရာများက သွားရောက်ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
#ရှမ်းမြောက် #လားရှိုး #စစ်ကာင်စီ #ဗုံးကြဲ #ငြိမ်းချမ်းရေး # #MNDAA #Ayeyarwaddy_Times