
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၃ရက်
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့ရှိ ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်၊ ဝမ်းလျှောရောဂါနှင့် အရေ ပြားရောဂါခံစားနေရသူများလာကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၈ရက်နေ့မှ စက်တင်ဘာ ၂၀ရက်အတွင်း ပေါက်တောမြို့နယ်၊ ဆင်တက်မော် မူဆလင် ဒုက္ခသည်စခန်းမှ ၅ နှစ်အောက် ကလေးငယ် လေးဦး ဝမ်းပျက်၊ ဝမ်းလျှောရောဂါနှင့် သေဆုံးခဲ့ကြောင်း သိရသည်။
ပေါက်တောမြို့နယ်အတွင်း အနောက်ရဲ မူဆလင်ဒုက္ခသည်စခန်း၌လည်း စက်တင်ဘာ ၄ရက်မှ စက်တင်ဘာ ၁၇ရက်အတွင်း ၅နှစ်အောက် ကလေးငယ် ခြောက်ဦးနှင့် အမျိုးသမီးငယ်တစ်ဦး စုစုပေါင်း ခုနစ်ဦး ဝမ်းပျက်၊ ဝမ်းလျှောရောဂါနှင့် သေဆုံးခဲ့ကြောင်း သိရသည်။
ထို့အပြင် လူဦးရေ ၂၈၀၀ ခန့် နေထိုင်နေသည့် ပေါက်တောမြို့နယ် ဆင်တက်မော် မူဆလင် ဒုက္ခသည်စခန်းတွင် လူဦးရေများပြားကာ သောက်သုံးရေသန့်ရရှိရန် ခက်ခဲနေပြီး ဆေးဝါး လုံလောက်မှုမရှိသည့်အတွက် ထပ်မံကူးစက်နှုန်းမြင့်မားလာမည်ကို ထိတ်လန့်နေရကြောင်း ဒုက္ခသည်စခန်း ကူညီနေသူများထံက သိရသည်။
“အဓိကအနေနဲ့ ဆေးဝါးမရှိတာ။ ပြီးတော့ ရေမသန့်တာရယ် လူဦးရေထူထပ်ပြီး သန့်ရှင်းတဲ့ နေထိုင်မှု မရတာတွေကြောင့် ရောဂါတွေကဆိုးလာတာ။ ဆေးဝါးကလည်း NGO၊ INGO တွေဆီကပဲ မျှော်လင့်ချက်ရှိတယ်။ အပြင်ထွက်မကုနိုင်ဘူး။ သယ်ယူခွင့်လည်းမရှိဘူး။ သယ်လာရင်လည်း AAကို ကုပေးဖို့မလားဆိုပြီး ဖမ်းဆီးနှိပ်စက်တယ်။ မလွယ်ဘူး” ဟု စစ်ဘေးရှောင်များကို ကူညီနေသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ရှောင်ရွာများတွင်လည်း လူ ၂၅၀၀တွင် ၅၀၀ခန့်မှာ အရေပြားရောဂါ ခံစားနေရပြီး ထိရောက်သည့် ဆေးဝါးကုသမှုမရရှိသည့်အတွက် အချို့မှာ ရောဂါပြင်းထန်ကြောင်း သိရသည်။
ယားနာရောဂါများမှာ ကလေးများတွင်သာမက လူလတ်၊ လူကြီးမကျန်ဖြစ်ပွားနေပြီး လက်ချောင်း ကြား၊ ခြေချောင်းကြား၊ လက်၊ ခြေထောက်၊ မျက်နှာ၊ ဝမ်းဗိုက်နှင့် ကျောတစ်ကိုယ်လုံး နေရာအနှံ့ ဖြစ်ပွားနေကြောင်း သိရသည်။
ဆေးဝါးကုသရန်မှာလည်း ရခိုင်ပြည်နယ်အတွင်း ဆေးတချို့ပြတ်လပ်နေပြီး ပြည်နယ်အတွင်းသို့ ဆေးဝါးသယ်ယူမှုကို စစ်ကောင်စီက ပြင်းပြင်းထန်ထန်တားမြစ်ထားကာ သယ်ယူသူကိုပါ ဖမ်းဆီးမှုများ ပြုလုပ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၀ရက်နေ့က ရခိုင်ပြည်နယ် ဒေသအချို့ ရေကြီး ရေနစ်မြုပ်မှုများ ဖြစ်ပွားပြီးနောက် သောက်သုံးရေကန်၊ ရေတွင်းများအတွင်း ဆားငန်ရေနှင့် ညစ်ညမ်းရေများဝင်ရောက်လာ၍ မသန့်ရှင်းသောရေများကို ဒေသခံများ သုံးစွဲနေရပြီး အရေပြားရောဂါ ဖြစ်ပွားခံစားနေရသည်မှာလည်း လချီကြာမြင့်လာပြီဖြစ်ကြောင်း သိရသည်။
#ရခိုင် #ပေါက်တော #ပုဏ္ဏားကျွန်း #ဝမ်းပျက်ဝမ်းလျှော #အရေပြားရောဂါ #Ayeyarwaddy_Times